နေရပ်စွန့်ခွာဒုက္ခသည်တွေအတွက် အထောက်အပံ့ပိုပေးဖို့ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ အကြီးတန်းအရာရှိ တိုက်တွန်း

ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာအေဂျင်စီ UNHCR ရဲ့ အကြီးတန်းအရာရှိတစ်ဦးက ဒုက္ခသည်တွေအရေးကို ပိုမိုနားလည်မှုရှိဖို့နဲ့ နေရပ်စွန့်ခွာဒုက္ခသည်တွေအတွက် ဆက်လက်ပံ့ပိုးပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ဒုတိယမဟာမင်းကြီး Kelly Clements က တိုကျိုမှာ ဗုဒ္ဓဟူးနေ့က NHK နဲ့ စကားပြောဆိုခဲ့ပါတယ်။

ပဋိပက္ခတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေ၊ သဘာဝဘေးအန္တရာယ်တွေနဲ့ တခြားခြိမ်းခြောက်မှုတွေကြောင့် ကမ္ဘာတစ်ဝန်း လူပေါင်း ၁၁၄ သန်းလောက်ဟာ သူတို့တွေရဲ့နေအိမ်တွေကနေ မတတ်သာဘဲ ရွှေ့ပြောင်းခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့နှစ်မှာ ခန့်မှန်းခဲ့ပါတယ်။ အဲဒီအရေအတွက်ဟာ တိုးလာနေပါတယ်။

ငြိမ်းချမ်းရေးမရှိတဲ့အတွက် အဲဒီလူတွေဟာ အိမ်ပြန်ဖို့အခွင့်အလမ်းနည်းတယ်လို့ မီးစ် Clements က ပြောပါတယ်။ ဒုက္ခသည်တွေနဲ့ နေရပ်စွန့်ခွာရသူအများစုက မိမိတို့နေအိမ်တွေနဲ့ ဝေးကွာနေရတဲ့ကာလဟာ တစ်ခါတစ်လေ မျိုးဆက်တစ်ဆက်၊ တစ်ခါတစ်လေ ဆယ်စုနှစ်တွေနဲ့ချီအောင် ကြာမြင့်တယ်လို့ သူက ပြောပါတယ်။ မတတ်သာလို့ ထွက်ပြေးခဲ့ရတဲ့သူတွေကိုသာမက သူတို့ကိုလက်ခံတဲ့ အသိုက်အဝန်းတွေအတွက်ပါ ရေရှည်ပံ့ပိုးဖို့ဆိုတာ အလွန်အရေးကြီးတယ်လို့ မီးစ် Clements က ပြောပါတယ်။