နည်းဗျူဟာမြောက် နျူကလီးယားလက်နက် လေ့ကျင့်မှု ရုရှားစတင်

နည်းဗျူဟာမြောက်နျူကလီးယားလက်နက်တွေ ပစ်လွှတ်မှုအသွင် စစ်ရေးလေ့ကျင့်မှုစတင်လိုက်ပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ သူတို့ရဲ့တပ်ဖွဲ့တွေဟာ အနောက်နိုင်ငံတွေရဲ့ ရန်စတဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်လုပ်ဆောင်နေတယ်လို့ အင်္ဂါနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

လေ့ကျင့်မှုရဲ့ပထမအဆင့်လို့ဆိုတဲ့ ဗီဒီယိုကိုလည်း အဲဒီဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ယူကရိန်းအစိတ်အပိုင်းတွေထဲမှာပါဝင်တဲ့ ရုရှားထိန်းချုပ်မှုအောက်က နယ်စပ်ဒေသဖြစ်တဲ့ တောင်ပိုင်းစစ်ရေးနယ်မြေမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ သူတို့က ပြောပါတယ်။

တပ်ဖွဲ့ဝင်တချို့ဟာ Iskander လို့ခေါ်တဲ့ အဝေးကထိန်းချုပ်နိုင်တဲ့ တာတိုပစ်ဒုံးကျည်စနစ်ကို အသုံးပြုဖို့ လေ့ကျင့်နေကြတယ်လို့ အဲဒီဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ လေကြောင်းတပ်ဖွဲ့တွေဟာ အသံထက်အလွန်မြန်တဲ့ Kinzhal ဒုံးကျည်တွေအပါအဝင် လက်နက်တွေမှာ နျူကလီးယားထိပ်ဖူးတပ်ဆင်နည်းကို လေ့ကျင့်နေကြတယ်လို့ သူတို့က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုကို အဆင့် ၃ ဆင့်နဲ့ပြုလုပ်ဖို့ သမ္မတ Vladimir Putin က ညွှန်ကြားထားပါတယ်။ သူရဲ့ "ဘီလာရုစ် လုပ်ဖော်ကိုင်ဖက်" လို့ သူခေါ်ဆိုတဲ့ ဘီလာရုစ်နိုင်ငံကို လေ့ကျင့်မှုဒုတိယအဆင့်မှာ ပါဝင်ဖို့ သူကဖိတ်ကြားခဲ့ပါတယ်။ ဘီလာရုစ်ဟာ သူ့ပိုင်နက်နယ်မြေထဲမှာ ရုရှားရဲ့နျူကလီးယားလက်နက်တချို့ကို ဖြန့်ချထားပြီး ဖြစ်ပါတယ်။