AI ထိန်းချုပ်ရေးဆိုင်ရာ အဓိကဥပဒေသစ်ကို ဥရောပဥပဒေပြုအမတ်တွေ အတည်ပြု

ဥရောပကောင်စီဟာ AI ထိန်းချုပ်ရေးဆိုင်ရာ ကမ္ဘာ့ပထမဆုံး အဓိကဥပဒေကို အင်္ဂါနေ့က အတည်ပြုခဲ့ပြီး အဲဒီဥပဒေက ကမ္ဘာ့စံနှုန်းတစ်ခု ထူထောင်ရေးရဲ့ လမ်းစဖြစ်နိုင်ပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံက ဝန်ကြီးတွေဟာ Brussels မြို့မှာ စုဝေးကြပြီး၊ Artificial Intelligence Act လို့ခေါ်တဲ့ ဥပဒေကို အတည်ပြုခဲ့ကြပါတယ်။

အဲဒီစည်းမျဉ်းဥပဒေသစ်ဟာ အန္တရာယ်တွေအလိုက် အမျိုးအစားခွဲခြားမှာ ဖြစ်ပါတယ်။ လူမှုရေးရမှတ်တွေနဲ့ လူတွေကိုအကဲဖြတ်တာ၊ အမျိုးအစားခွဲခြားတာတွေ ဒါမှမဟုတ် တစ်စုံတစ်ဦးဟာ ရာဇ၀တ်မှုကျူးလွန်ဖို့ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိတယ်ဆိုတာကို အကဲဖြတ်တာတွေကို တားမြစ်မှာ ဖြစ်ပါတယ်။ အများပြည်သူ အသုံးပြုနေတဲ့နေရာတွေမှာ biometric ကိုသုံးပြီး ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ဖော်ထုတ်တာမျိုးကိုလည်း ကန့်သတ်မှာ ဖြစ်ပါတယ်။

ဒီဥပဒေသစ်က ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုတာဝန်ယူမှု ရှိစေဖို့ကိုလည်း ရည်ရွယ်ပါတယ်။ လက်ရှိလူတွေနဲ့ဆင်တူတဲ့ AI က ဖန်တီးထားတဲ့ ရုပ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ အသံတွေကို AI သုံးထားကြောင်း အညွှန်းတပ် ဖော်ပြရမှာဖြစ်ပါတယ်။

ဒီဥပဒေကိုချိုးဖောက်တဲ့ ကုမ္ပဏီတွေဟာ သူတို့ရဲ့နှစ်စဉ်ဝင်ငွေရဲ့ ၇ ရာခိုင်နှုန်းအထိ ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ၃၈ သန်းအထိ ထဲက ပိုများတဲ့ ဒဏ်ငွေကို ပေးဆောင်ရနိုင်ပါတယ်။ စည်းမျဉ်းစည်းကမ်းတွေကို ၂၀၂၆ ခုနှစ်ကစပြီး ကျင့်သုံးသွားမှာဖြစ်ပါတယ်။