COVID အကြောင်း အစီရင်ခံတင်ပြမှုနဲ့ အကျဉ်းချခံထားရတဲ့ တရုတ် ပြည်သူ့သတင်းသမား ပြန်လွတ်

တရုတ်နိုင်ငံ Wuhan မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနဲ့ ပတ်သက်ပြီး သတင်းအစီရင်ခံတင်ပြခဲ့တဲ့ တရုတ်လူမျိုး ပြည်သူ့သတင်းသမားဟာ အကျဉ်းဒဏ်သက်တမ်း ပြည့်ပြီး ပြန်လွတ်လာခဲ့ပါတယ်။

ရှန်ဟိုင်းက ရှေ့နေဟောင်းဖြစ်သူ Zhang Zhan ဟာ ၂၀၂၀ ပြည့်နှစ်မှာ Hubei ပြည်နယ်မှာ ရှိတဲ့ Wuhan မြို့ကို သွားရောက်ခဲ့ပါတယ်။ သူဟာ ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ဖြတ်သန်းနေရသူတွေအပါအဝင် ပြည်သူတွေရဲ့ တိုက်ရိုက်ပြောဆိုချက်တွေကို အွန်လိုင်းပေါ်မှာ တင်ခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ သတင်းမှားတွေ ဖြန့်ဝေတယ်ဆိုပြီး အာဏာပိုင်တွေက သူ့ကို ထိန်းသိမ်းခဲ့ပါတယ်။ တရားရုံးတစ်ရုံးက သူ့ကို အများပြည်သူတည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်တယ်ဆိုတဲ့ အမှုနဲ့ အကျဉ်းဒဏ် ၄ နှစ် ချမှတ်ခဲ့ပါတယ်။

အဲဒီစီရင်ချက်ကို နိုင်ငံတကာက ဝေဖန်ရှုတ်ချခဲ့ပါတယ်။ အမေရိကန်အစိုးရက ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး အဲဒီတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

မီးစ် Zhang ရဲ့ အကျဉ်းဒဏ်သက်တမ်းဟာ မေလ ၁၃ ရက်နေ့မှာ ပြည့်ခဲ့ပါတယ်။ သူ့ကို ထောက်ခံသူတွေ အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ သူဟာ ထောက်ခံမှုနဲ့ နားလည်ပေးမှုတွေအတွက် ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

သူ့ကို ထောက်ခံသူတွေက သူဟာ မိသားစုနဲ့အတူ နေနေပေမယ့် လွတ်လပ်မှု ကန့်သတ်ခံထားရတယ်လို့ ဆိုပါတယ်။ အဲဒီလို ပြောဆိုချက်တွေကြောင့် သူဟာ အာဏာပိုင်တွေရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတုန်းပဲဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာပါတယ်။