လာမယ့်သီတင်းပတ် ထိပ်သီးဆွေးနွေးပွဲအတွက် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားတို့ ပြင်ဆင်နေ

လာမယ့်သီတင်းပတ်မှာ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယား ခေါင်းဆောင်တွေအကြား ထိပ်သီးဆွေးနွေးပွဲပြုလုပ်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ အစိုးရဝန်ထမ်းတွေက နယ်ပယ်ကဏ္ဍတွေက ဆွေးနွေးမှုရလဒ်တွေကို အခြေခံတဲ့ စာတမ်းတစ်စောင်ထုတ်ဖို့ ရည်ရွယ်နေပါတယ်။

ဂျပန်ဝန်ကြီးချုပ် Kishida Fumio၊ တရုတ်ဝန်ကြီးချုပ် Li Qiang နဲ့ တောင်ကိုရီးယားသမ္မတ Yoon Suk-yeol တို့ဟာ မေလ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ ဆိုးလ်မြို့မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

အနာဂတ်ကိုဦးတည်တဲ့ နည်းလမ်းတွေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးအတွက် လုပ်ဆောင်ဖို့ အရေးကြီးတယ်ဆိုတဲ့အမြင်အပေါ် ခေါင်းဆောင်တွေက သဘောတူကြလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ဂျပန်အစိုးရသတင်းရင်းမြစ်တွေက ဆိုပါတယ်။

သုံးနိုင်ငံတို့ဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလက နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးခဲ့တဲ့ နယ်ပယ်‌ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားမယ့်အပေါ် ခေါင်းဆောင်တွေက အတည်ပြုနိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ စီးပွားရေး၊ ကုန်သွယ်ရေး၊ လူသားအရင်းအမြစ်ဖလှယ်ရေး၊ လုံခြုံရေးနဲ့ ကူးစက်ရောဂါတွေတုံ့ပြန်မှုအပါအဝင် ပြည်သူ့ကျန်းမာရေး ဆိုင်ရာနယ်ပယ်ကဏ္ဍတွေ ပါဝင်ပါတယ်။

သုံးနိုင်ငံလွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက်အတွက် ဆွေးနွေးပွဲတွေ ပြန်လည်စတင်ရေးအတွက် ခေါင်းဆောင်တွေရဲ့ သဘောတူညီမှုရရှိနိုင်မယ့်နည်းလမ်းတွေကိုရှာဖို့ ဝန်ထမ်းတွေက ကြိုးစားလုပ်ဆောင်နေကြပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်တဲ့ ညှိနှိုင်းမှုတွေဟာ ၂၀၁၉ ခုနှစ်ကတည်းက ရပ်တန့်သွားခဲ့ပါတယ်။