ဂျပန်တစ်ဝန်း နွေရာသီမှာ ပုံမှန်ထက် ပိုပူနိုင်တယ်လို့ ခန့်မှန်းထား

ဂျပန်မှာ ဇွန်လကနေ သြဂုတ်လအထိ နိုင်ငံတစ်ဝန်း ပုံမှန်ထက် ပိုပူမယ်လို့ ဂျပန် မိုးလေဝသအရာရှိတွေက ပြောပါတယ်။

မိုးလေဝသအေဂျင်စီဟာ သုံးလတာအတွက် ခန့်မှန်းချက်ကို အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ပစိဖိတ်သမုဒ္ဒရာထဲက လေဖိအားမြင့်ရပ်ဝန်းရဲ့ အစွန်းကနေ ဂျပန်နိုင်ငံထဲ ပူနွေးစိုစွတ်တဲ့ လေတွေ စီးဝင်နေတာကြောင့် နွေရာသီမှာ အပူရှိန်မြင့်မားလိမ့်မယ်လို့ အေဂျင်စီက ခန့်မှန်းထားပါတယ်။ အယ်လ်နီညိုဖြစ်စဉ် ပြီးဆုံးမှုကြောင့် အဲဒီလေဖိအားမြင့်ရပ်ဝန်းဟာ ပိုပြီး အားကောင်းလာလိမ့်မယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဇွန်လနဲ့ ဇူလိုင်လတွေမှာ ဂျပန်မြောက်ပိုင်းမှာ အပူချိန်ဟာ ပုံမှန်ဖြစ်လိမ့်မယ် ဒါမှမဟုတ် မြင့်မားလိမ့်မယ်လို့ ခန့်မှန်းသူတွေက ပြောပါတယ်။ ဂျပန်အရှေ့ပိုင်း၊ အနောက်ပိုင်း၊ အိုကီနာဝါနဲ့ Amami ဒေသတွေမှာ အပူချိန်မြင့်မားဖွယ် ရှိပါတယ်။ ဩဂုတ်လမှာ နိုင်ငံတစ်ဝန်း အပူချိန်တွေ မြင့်မားလာမှာ ဖြစ်ပါတယ်။

လာနီညာဖြစ်စဉ် ဖြစ်ပေါ်လာရင် ဩဂုတ်လမှာ အပူချိန် အလွန်အမင်း မြင့်မားနိုင်တယ်လို့ အရာရှိတွေက သတိပေးနေပါတယ်။ လာနီညာဆိုတာ ပီရူးနိုင်ငံကမ်းလွန် အီကွေတာမျဉ်းအနီး ပစိဖိတ်သမုဒ္ဒရာထဲက ပင်လယ်ရေမျက်နှာပြင်အပူချိန်က ပုံမှန်ထက် နိမ့်တာကို ရည်ညွှန်းပါတယ်။

အခုနှစ် နွေရာသီမှာ လာနီညာဖြစ်စဉ် ဖြစ်ပေါ်နိုင်ခြေဟာ ၅၀ ရာခိုင်နှုန်း ရှိပြီး ဘယ်လောက်ပူမလဲဆိုတာကတော့ အပူပိုင်းဇုန်တွေရဲ့ အခြေအနေအပေါ် မူတည်တယ်လို့ အေဂျင်စီအရာရှိ Tanaka Shotaro က ဆိုပါတယ်။