အုပ်စုဖွဲ့လိမ်လည်မှုပြဿနာကို ကိုင်တွယ်ရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဂျပန်နဲ့ တောင်ကိုရီးယားရဲတပ်ဖွဲ့အကြီးအကဲတွေ အတည်ပြု

ဂျပန်နဲ့ တောင်ကိုရီးယားက ရဲတပ်ဖွဲ့အကြီးအကဲတွေဟာ အုပ်စုဖွဲ့လိမ်လည်မှုတွေ တိုးလာနေတာကို ကိုင်တွယ်ဖို့အပါအဝင် နယ်ပယ်အမျိုးမျိုးမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါတယ်။

၂၀၁၀ ပြည့်နှစ်နောက်ပိုင်း နှစ်နိုင်ငံရဲတပ်ဖွဲ့ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို ပြုလုပ်ခဲ့ပါတယ်။

ဂျပန်ရဲတပ်ဖွဲ့အေဂျင်စီအကြီးအကဲ Tsuyuki Yasuhiro ဟာ တောင်ကိုရီးယားရဲတပ်ဖွဲ့အေဂျင်စီအကြီးအကဲ Yoon Hee-keun နဲ့ အင်္ဂါနေ့က တိုကျိုမှာ တွေ့ဆုံခဲ့ပါတယ်။

နှစ်နိုင်ငံဟာ မြောက်ကိုရီးယားအရေး၊ စီးပွားရေးလုံခြုံမှုနဲ့ နယ်စပ်ဖြတ်ကျော်ပြီး ငွေလိမ်တဲ့ အမှုတွေ ထပ်ခါတလဲလဲ ဖြစ်ပွားခြင်း စတဲ့ အရေးကိစ္စတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မစ္စတာ Tsuyuki က ပြောပါတယ်။ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆက်ဆံရေးကို ပိုမိုအားကောင်းလာစေဖို့ မျှော်လင့်တယ်လို့ သူက ဆိုပါတယ်။

သူတို့အနေနဲ့ နှစ်ဦးနှစ်ဖက်ရဲ့ အကျိုးအမြတ်အတွက် ရှုထောင်အမျိုးမျိုးကနေ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆက်ဆံရေးကို ပိုမိုအားကောင်းလာအောင် ဆောင်ရွက်သင့်တယ်လို့ ယုံကြည်ကြောင်း မစ္စတာ Yoon က ပြောပါတယ်။

နှစ်နိုင်ငံစလုံးမှာ အုပ်စုဖွဲ့လိမ်လည်မှုတွေ တိုးများလာနေတဲ့အတွက် လိမ်လည်မှုကြောင့် ဖြစ်လာတဲ့ ထိခိုက်မှုတွေနဲ့ လိမ်လည်တဲ့ နည်းလမ်းတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အပြန်အလှန်မျှဝေရေး အစီအစဉ်တွေကို သူတို့နှစ်ဦး အတည်ပြုခဲ့ကြပါတယ်။ အရှေ့တောင်အာရှနဲ့ တခြားနေရာတွေကို ပျံ့နှံ့သွားတဲ့ ရာဇဝတ်မှုဆိုင်ရာ လှုပ်ရှားမှုတွေရဲ့ ဇာစ်မြစ်ကို ဖော်ထုတ်ဖို့အတွက် အတူတကွ ဆောင်ရွက်ဖို့လည်း သဘောတူခဲ့ကြပါတယ်။