ဂျပန်အထက်တန်းကျောင်းတစ်ကျောင်းမှာ စပါးစိုက်ခင်းတွေက ပေါင်းပင်တွေကို ရှင်းဖို့ ဘဲတွေရဲ့ အပြုအမူကို အခြေခံတဲ့ စက်ရုပ် စမ်းသုံး

ဂျပန်အလယ်ပိုင်း နာဂါနိုခရိုင်မှာ စိုက်ပျိုးမွေးမြူရေး လေ့လာနေတဲ့ အထက်တန်းကျောင်းသူကျောင်းသားတွေဟာ စပါးခင်းတွေက ဘဲတွေရဲ့ အပြုအမူကို အခြေခံထားပြီး သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ နည်းလမ်းတွေ သုံးထားတဲ့ စက်ရုပ်တစ်မျိုးကို စတင်အသုံးပြုခဲ့ပါတယ်။

ဂျပန်က စပါးစိုက်တဲ့ လယ်သမားတချို့ဟာ စပါးခင်းထဲက ပေါင်းပင်တွေ ကြီးထွားမလာအောင် လုပ်ဆောင်ဖို့အတွက် ဘဲတွေကို အသုံးပြုပါတယ်။

ဘဲတွေဟာ စိုက်ခင်းထဲ သွားလာပြီး ရေပေါ်မှာ ပြင်းပြင်းထန်ထန် လှုပ်ရှားပါတယ်။ အဲဒီနောက် နောက်ကျိသွားတဲ့ ရေတွေဟာ နေရောင်ခြည်ရရှိမှုကို လျှော့ချပြီး ပေါင်းပင်တွေ ကြီးထွားမလာအောင် လုပ်ဆောင်ရာမှာ အထောက်အကူပြုပါတယ်။

Azumino မြို့က Minamiazumi စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းဟာ ဓာတုပေါင်းသတ်ဆေးတွေ မသုံးဘဲ စပါးစိုက်ပျိုးနိုင်မလားဆိုတာကို သိရဖို့အတွက် တိုကျိုမှာအခြေစိုက်တဲ့ စွန့်ဦးတီထွင်ကုမ္ပဏီက တီထွင်ခဲ့တဲ့ စက်ရုပ်နဲ့ စမ်းသပ်မှာ ဖြစ်ပါတယ်။

တနင်္လာနေ့က အဲဒီကုမ္ပဏီက အင်ဂျင်နီယာတစ်ဦးဟာ အထက်တန်းဒုတိယနှစ်ကျောင်းသူကျောင်းသား ၂၀ ကို စက်ရုပ်ရဲ့ စွမ်းဆောင်ပုံနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။

ပေါ့ပါးပြီး ရေပေါ်မှာ ပေါလောပေါ်နိုင်တဲ့ ပစ္စည်းနဲ့ လုပ်ထားတဲ့ အဲဒီစက်ရုပ်ဟာ နေရောင်ခြည်စွမ်းအင်နဲ့ လှုပ်ရှားပါတယ်။ စက်ရုပ်ရဲ့ အောက်ဘက်ပိုင်းမှာ ပါတဲ့ ဒလက်နဲ့ ဘဲခြေထောက်လိုမျိုး ရေယက်ဟာ ရေထဲမှာ ပြင်းပြင်းထန်ထန် လှုပ်ရှားပါတယ်။

ကျောင်းသူတစ်ဦးက စက်ရုပ်ဟာ ချစ်စရာကောင်းပြီး လယ်သမားတွေအတွက် ပေါင်းသတ်ဆေးဖြန်းရတဲ့ အချိန်နဲ့ လုပ်အားကို သက်သာစေလိမ့်မယ်လို့ ပြောပါတယ်။