လူသားချင်းစာနာမှုအထောက်အပံ့တွေကို UNRWA ကတစ်ဆင့် ဂါဇာဆီ ဂျပန် ပေးပို့မယ်

ဂျပန်အစိုးရဟာ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေကို ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ (UNRWA) ကတစ်ဆင့် ဂါဇာကို ပေးပို့မှာ ဖြစ်ပါတယ်။

အီဂျစ်နိုင်ငံရဲ့ မြို့တော် ကိုင်ရိုမှာ ပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ဂျပန်အရာရှိတွေဟာ ထောက်ပံ့ရေးပစ္စည်းစာရင်းကို အဲဒီအေဂျင်စီရဲ့ အရာရှိတွေဆီ ပေးအပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားကို အီဂျစ်ဆိုင်ရာ ဂျပန်သံအမတ် Oka Hiroshi နဲ့ ကိုင်ရိုမှာ ရှိတဲ့ UNRWA ကိုယ်စားလှယ်ရုံးရဲ့ အကြီးအကဲ Sahar Al-Jobury တို့ တက်ရောက်ခဲ့ပါတယ်။

ဂျပန်အစိုးရဟာ UNRWA ရဲ့ တောင်းဆိုချက်အရ စောင်အထည် ၅,၀၀၀၊ ရေကွန်တိန်နာ ၁၀,၀၀၀ နဲ့ တခြားထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့ဖို့ ပြင်ဆင်နေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက ဟားမတ်စ်က အစ္စရေးကို တိုက်ခိုက်ခဲ့ရာမှာ UNRWA ဝန်ထမ်းတချို့ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးနောက် ဂျပန်အစိုးရဟာ UNRWA အပေါ် ထောက်ပံ့မှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။

ဒါပေမဲ့ အေဂျင်စီရဲ့ အုပ်ချုပ်မှု တိုးတက်လာတယ်လို့ ဆိုပြီး ငွေကြေးထောက်ပံ့မှုကို ပြန်လည်စတင်မှာ ဖြစ်ကြောင်း ဂျပန်အစိုးရက ကြေညာခဲ့ပါတယ်။

ဂါဇာက လူသားချင်းစာနာမှုဆိုင်ရာ အနေအထား တိုးတက်ရေး အထောက်အကူပြုဖို့အတွက် နိုင်ငံအများအပြားဟာ ထောက်ပံ့မှုတွေကို ပြန်လည်စတင်ပေးအပ်နေတယ်လို့ မစ္စတာ Oka က အဲဒီအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ လိုအပ်နေသူတွေဆီ ဂျပန်ကနေ အထောက်အပံ့တွေ ပေးပို့ဖို့ အရေးကြီးတယ်လို့ သူက ဆိုပါတယ်။