ဂျပန်ရဲ့ အဓိက ရေရှည်အတိုးနှုန်း ၁၁ နှစ်အတွင်း အမြင့်ဆုံးဖြစ်လာ

တနင်္လာနေ့က ဈေးကွက်ဖွင့်ချိန်အတွင်း ဂျပန်နိုင်ငံရဲ့ အဓိကကျတဲ့ အစိုးရငွေချေးစာချုပ်တွေရဲ့ အမြတ်နှုန်းဟာ ၁၁ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ခဲ့ပါတယ်။

၁၀ နှစ်သက်တမ်း ဂျပန်အစိုးရငွေချေးစာချုပ်ဟာ ၀.၉၇၅ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ၂၀၁၃ ခုနှစ် မေလနောက်ပိုင်းမှာ အမြင့်ဆုံးအဆင့် ရောက်လာခဲ့ပါတယ်။ ငွေချေးစာချုပ်တွေရဲ့ ဈေးနှုန်း ကျဆင်းတဲ့အခါအမြတ်နှုန်းတွေ မြင့်တက်ပါတယ်။

ဂျပန်ဗဟိုဘဏ် (BOJ) က သူ့ရဲ့ ငွေကြေးဖြေလျှော့တဲ့မူဝါဒကို မျှော်လင့်ထားတာထက် စောပြီး ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်လာနိုင်တယ်လို့ ရှုမြင်ပြီး ရင်းနှီးမြုပ်နှံသူတွေက အဲဒီစာချုပ်တွေကို ပိုပြီးရောင်းထုတ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အနှောင်းပိုင်းမှာ အမေရိကန်ရဲ့ ရေရှည်အတိုးနှုန်း မြင့်တက်မှုကလည်း အခုလို ထုတ်ရောင်းမှုတွေဖြစ်လာဖို့ တွန်းအားပေးခဲ့ပါတယ်။

အစိုးရငွေချေးစာချုပ်တွေ ဝယ်ယူမှုကို လျှော့ချနိုင်တယ်ဆိုတဲ့ ပြီးခဲ့တဲ့သီတင်းပတ်က BOJ ရဲ့ ကြေငြာချက်ဟာ ရင်းနှီးမြှုပ်နှံသူတွေကို အမြတ်နှုန်းတွေ ပိုပြီးမြင့်တက်လာမယ်ဆိုပြီး မျှော်လင့်လာစေခဲ့တယ်လို့ ရင်းနှီးမြုပ်နှံသူတွေက ပြောပါတယ်။

BOJ ရဲ့ နောက်ထပ်လုပ်ဆောင်မှုတွေနဲ့ အမေရိကန်ပြည်ထောင်စုက ရေရှည်အတိုးနှုန်းတွေရဲ့ လားရာတွေအပေါ် အခုအခါမှာ အာရုံစိုက်လာနေကြတယ်လို့ သူတို့က ပြောပါတယ်။