အီရန်သမ္မတသေဆုံးမှု အတည်ပြုကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြ

ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သမ္မတ Ebrahim Raisi သေဆုံးသွားတာကို အတည်ပြုခဲ့တယ်လို့ အီရန်နိုင်ငံပိုင် မီဒီယာက ဖော်ပြလိုက်ပါတယ်။

အဲဒီရဟတ်ယာဉ်ဟာ အီရန်နိုင်ငံ မြောက်ပိုင်း အရှေ့အဇာဘိုင်ဂျန်ပြည်နယ်မှာ တနင်္ဂနွေနေ့က ထူထဲတဲ့ မြူနှင်းကျရောက်မှုနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် ပျက်ကျခဲ့တယ်လို့ သိရပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir Abdollahian အပါအဝင် ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ လူအားလုံး သေဆုံးခဲ့ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာက ဆိုပါတယ်။

သမ္မတ Raisi နဲ့ မစ္စတာ Abdollahian တို့ဟာ အဇာဘိုင်ဂျန်နိုင်ငံနဲ့ နယ်စပ်အနီးမှာရှိတဲ့ ရေကာတာစီမံကိန်းတစ်ခုကို စစ်ဆေးဖို့ သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ သမ္မတ Raisi နဲ့ တခြားတာဝန်ရှိသူတွေ အဲဒီရေကာတာကို စစ်ဆေးနေတဲ့ ဗီဒီယိုဖိုင်ကို အီရန်အသံလွှင့်ဌာနက ပြသခဲ့ပါတယ်။

ဓာတ်ပုံတစ်ပုံထဲမှာ မြင်ကွင်းဆိုးဝါးမှုနဲ့ မကြုံတွေ့ခင် အဲဒီရဟတ်ယာဉ် ပျံတက်သွားတာကို တွေ့ရပါတယ်။

ပျက်ကျခဲ့ပြီးတဲ့နောက် ကယ်ဆယ်ရေးသမားတွေဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၅၀၀ ကျော်မြင့်တဲ့ တောင်တန်းဒေသတစ်ခုမှာ ပြင်းထန်တဲ့ အအေးနဲ့ဆီးနှင်းဒဏ်ကို ကြံ့ကြံ့ခံပြီး ညလုံးပေါက် ရှာဖွေခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။ ရှာဖွေရေးအဖွဲ့တွေဟာ ဆိုးရွားတဲ့ ရာသီဥတုဒဏ်နဲ့ ရုန်းကန်ခဲ့ရတယ်လို့ သိရပါတယ်။

ရဟတ်ယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။