တရုတ်နိုင်ငံနဲ့အကြား လက်ရှိအနေအထားကို ထိန်းသိမ်းပြီး ရေလက်ကြား ငြိမ်းချမ်းရေးကို ကြိုးပမ်းမယ်လို့ ထိုင်ဝမ် သမ္မတ ဆို

ထိုင်ဝမ်ဟာ တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်ဆက်ဆံရေးမှာ လက်ရှိအနေအထားကို ထိန်းသိမ်းထားပြီး ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် အတူတကွ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ Lai Ching-te က
ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းမှာ အလေးပေး ပြောကြားလိုက်ပါတယ်။

သမ္မတ Lai ဟာ ထိုင်ပေမြို့မှာရှိတဲ့ သမ္မတရုံးမှာ တနင်္လာနေ့ မနက်ပိုင်းက ပြုလုပ်တဲ့ အခမ်းအနားမှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာပြီး သူ့ရဲ့ တာဝန်တွေကို သစ္စာရှိရှိ ထမ်းဆောင်သွားမယ့်အပြင် ပြည်သူတွေရဲ့ သက်သာချောင်ချိရေး မြှင့်တင်ဖို့နဲ့ ထိုင်ဝမ်ကို ကာကွယ်ဖို့ လုပ်ဆောင်သွားမယ်လို့ သူက ပြောကြားခဲ့ပါတယ်။

အဲဒီနောက် သမ္မတအသစ်ဟာ သမ္မတရုံးရှေ့မှာ ခင်းကျင်းထားတဲ့ စင်မြင့်ပေါ်ကနေ မိန့်ခွန်း ပြောခဲ့ပါတယ်။

တရုတ်၊ ထိုင်ဝမ် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောကြားရာမှာ မစ္စတာ Lai က သူ့အစိုးရအနေနဲ့ "အလျှော့လည်းမပေး၊ ရန်စတာမျိုးလည်း မလုပ်တဲ့ လက်ရှိအနေအထားကို ဆက်လက်ထိန်းသိမ်းထားမယ်" လို့ ဆိုပါတယ်။

တရုတ်ဟာ ဆွေးနွေးပြောဆိုမှုနဲ့ ကူးလူးဆက်ဆံမှုကို ရွေးချယ်ပြီး "တရားမျှတမှုနဲ့ ဂုဏ်သိက္ခာရှိမှုဆိုင်ရာ အခြေခံမူတွေအောက်မှာ ထိုင်ဝမ်ပြည်သူတွေက ရွေးချယ်ထားတဲ့ တရားဝင်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လိမ့်မယ်" လို့ မျှော်လင့်ကြောင်း သမ္မတ Lai က ပြောပါတယ်။

အပြန်အလှန်အခြေခံတဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်ခြင်းနဲ့ ထိုင်ဝမ်ပညာရေးအဖွဲ့အစည်းတွေမှာ ကျောင်းသားတွေ လက်ခံတာတွေကနေ ဒါကို စတင်နိုင်တယ်လို့ သူက ပြောပါတယ်။ ငြိမ်းချမ်းရေးနဲ့ နှစ်ဦးနှစ်ဘက် သာယာဝပြောရေးတို့ကို အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ နှစ်ဘက်စလုံးက လုပ်ဆောင်သွားဖို့ သူက အကြံပြုခဲ့ပါတယ်။

တစ်ချိန်တည်းမှာ ထိုင်ဝမ်ရဲ့ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ လိုအပ်ကြောင်း သူက ပြောကြားခဲ့ပြီး တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုနဲ့ ကျူးကျော်ဖို့ ကြိုးပမ်းမှု အများအပြားကို ရင်ဆိုင်နေရတာကနေ ထိုင်ဝမ်ကို ကာကွယ်ရေး "ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ကို လက်တွေ့ပြရမယ်" လို့ မစ္စတာ Lai က ပြောပါတယ်။