'ဆော့ဖ်ဝဲနဲ့ ထိန်းချုပ်တဲ့ယာဉ်တွေ' ကို ဂျပန်အစိုးရ လှုံ့ဆော်အားပေးမယ်

ဂျပန်အစိုးရဟာ ဟာ့ဒ်ဝဲထက် ဆော့ဖ်ဝဲနဲ့ အလေးပေးထိန်းချုပ်တဲ့ ကားတွေထုတ်လုပ်မှုကို လှုံ့ဆော်အားပေးဖို့ ရည်ရွယ်နေပါတယ်။

NHK က တွေ့မြင်ခဲ့ရတဲ့ နည်းဗျူဟာမူကြမ်းတစ်ခုမှာ "ဆော့ဖ်ဝဲနဲ့ ထိန်းချုပ်တဲ့ယာဉ်" တစ်နည်းအားဖြင့် SDV တွေအတွက် အစီအစဥ်တွေ ပါဝင်နေပါတယ်။

အဆိုပြုထားတဲ့ ရည်မှန်းချက်ကတော့ ပြည်တွင်းထုတ်လုပ်သူတွေအနေနဲ့ ၂၀၃၀ ပြည့်နှစ်မှာ SDV ကမ္ဘာ့စျေးကွက်ရဲ့ ၃၀ ရာခိုင်နှုန်းကို ထိန်းထားဖို့ ဖြစ်ပါတယ်။

အဲဒီလို ကားတွေရဲ့ ပိုင်ရှင်တွေဟာ အဝေးထိန်း ဆော့ဖ်ဝဲ မွမ်းမံမှုတွေကတစ်ဆင့် အဲဒီကားတွေကို ကျယ်ကျယ်ပြန့်ပြန့် အဆင့်မြှင့်တင် မွမ်းမံနိုင်ပါတယ်။ ဒီလုပ်ဆောင်မှုတွေမှာ မောင်းနှင်မှုစွမ်းရည်နဲ့ ဘေးကင်းလုံခြုံရေးလုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။

ဒီနည်းပညာဟာ ကားတစ်စီးရဲ့ သက်တမ်းကို တိုးမြှင့်ပေးနိုင်ပါတယ်။

မော်တော်ကားတွေအတွက် ခေတ်မီဆီမီးကွန်ဒတ်တာတွေနဲ့ ပတ်သက်တဲ့ သုတေသနနဲ့ တီထွင်ရေးအပြင် ဆော့ဖ်ဝဲစံချိန်စံညွှန်းသတ်မှတ်ရေးမှာ ပြည်တွင်းထုတ်လုပ်သူတွေအကြား ပူးပေါင်းဆောင်ရွက်မှုကို အားပေးဖို့ ဂျပန်အစိုးရက ဆန္ဒရှိနေပါတယ်။

ဒါအပြင် အလိုအလျောက်မောင်းနှင်တဲ့ ထရပ်ကားနဲ့ အငှားယာဉ်တွေ တီထွင်ထုတ်လုပ်ရေးကို ကူညီပေးဖို့လည်း အစိုးရက ရည်မှန်းထားပါတယ်။

ကမ္ဘာ့ မော်တော်ယာဥ်လုပ်ငန်းနယ်ပယ်ဟာ လျှပ်စစ်ကားနဲ့ အလိုအလျောက်မောင်းနှင်မှုနည်းပညာတွေ တိုးတက်လာတာကြောင့် လျင်မြန်တဲ့ အနေအထားအပြောင်းအလဲတွေ ဖြစ်ပေါ်လာနေပါတယ်။

ဂျပန်ကားထုတ်လုပ်သူတွေဟာ SDV နယ်ပယ်က Tesla နဲ့ တခြားပြိုင်ဖက်ကုမ္ပဏီသစ်တွေရဲ့ နောက်မှာ ကျန်နေပါတယ်။

စက်မှုလုပ်ငန်းဆိုင်ရာဝန်ကြီးဌာနက အဲဒီမဟာဗျူဟာမူကြမ်းကို အစောဆုံး တနင်္လာနေ့မှာ ထုတ်ပြန်ဖို့ စီစဉ်ထားပါတယ်။