Kharkiv ဒေသမှာ ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ယူကရိန်း တာဝန်ရှိသူတွေပြော

ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၁၀ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Kharkiv ဒေသက အာဏာပိုင်တွေက ပြောလိုက်ပါတယ်။

ရွာနှစ်ရွာကို ဒုံးကျည် အများအပြား ပစ်လွှတ်နိုင်တဲ့ လောင်ချာတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Kharkiv အုပ်ချုပ်ရေးမှူးက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

အနီးနားက ဆင်ခြေဖုံးရပ်ကွက်မှာရှိတဲ့ အပန်းဖြေစခန်းတစ်ခုကို ရုရှားရဲ့ဒုံးကျည် ၂ စင်း ထိမှန်ခဲ့ပြီး လူ ၅ ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Kharkiv မြို့တော်ဝန်က အဲဒီနေ့က ပြောကြားခဲ့ပါတယ်။

တိုက်ခိုက်မှုတွေ အပြီးမှာ ယူကရိန်းသမ္မတ Volodymyr Zelenskyy က "ကမ္ဘာကြီးက ရုရှားရဲ့ အကြမ်းဖက်မှုကို အဆုံးသတ်စေနိုင်မယ်" လို့ လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။ Kharkiv ဒေသအတွက် နောက်ထပ် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပံ့ပိုးပေးဖို့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကို သူက တိုက်တွန်းခဲ့ပါတယ်။

ရုရှားမြေပြင်တပ်တွေဟာ Kharkiv မြောက်ပိုင်းမှာ နောက်ထပ်နယ်မြေတွေကို သိမ်းပိုက်ဖို့ ကြိုးပမ်းနေကြပါတယ်။ သူတို့ဟာ ဒုံးကျည်တွေနဲ့ ပဲ့ထိန်းဗုံးတွေကို အသုံးပြုပြီး အဲဒီဒေသတလျှောက် တိုက်ခိုက်မှုတွေကို ဆက်လက် ပြုလုပ်နေပါတယ်။

ရုရှားပိုင်နက်နယ်မြေတွေနဲ့ တခြားနေရာတွေကို တိုက်ခိုက်ဖို့ ယူကရိန်းက ဒရုန်းတွေနဲ့ဒုံးကျည်တွေကို အသုံးပြုခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒရုံးယာဉ် ၁၀၃ စင်းနဲ့ အမေရိကန်ထုတ် ATACMS စစ်ဆင်ရေး နည်းဗျူဟာမြောက် ဒုံးကျည် ၁၂ စင်းတို့ကို တနင်္ဂနွေနေ့ မွန်းလွဲပိုင်းအထိ ၂၄ နာရီ အတွင်း ပစ်ချခဲ့တယ်လို့ အဲဒီဝန်ကြီးဌာနက ဆိုပါတယ်။