အာဖဂန်နစ္စတန်မြောက်ပိုင်းမှာ ရေကြီးမှုကြောင့် အနည်းဆုံး ၆၆ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Faryab ပြည်နယ်မှာ ရေကြီးမှုကြောင့် အနည်းဆုံး လူ ၆၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။

စနေနေ့က ရေကြီးမှုကြောင့် အိမ်ခြေ ၁၅၀၀ လောက်လည်း ပျက်စီးသွားခဲ့ပြီး လူ ၈ ဦး ပျောက်ဆုံးနေတယ်လို့ ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီဧရိယာအတွင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။

အာဖဂန်နစ္စတန်မှာ အခုလအတွင်း မိုးသည်းထန်မှုကြောင့် ရုတ်တရက် ရေလွှမ်းမိုးမှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။။ Baghlan နဲ့ မြောက်ပိုင်းက တခြားပြည်နယ်တွေမှာ အနည်းဆုံး လူ ၁၈၀ သေဆုံးကြောင်း အတည်ပြုခဲ့ပြီး အလယ်ပိုင်း Ghor ပြည်နယ်မှာ အနည်းဆုံး လူ ၅၀ သေဆုံးခဲ့ပါတယ်။

ရေကြီးမှုဒဏ်ခံရသူတွေကို အထောက်အပံ့တွေပေးတာနဲ့ သူတို့ရဲ့ ဘဝပြန်လည်ထူထောင်ဖို့တွေဟာ အာဖဂန်နစ္စတန်အတွက် အဓိကစိန်ခေါ်မှုတွေ ဖြစ်နေပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်က အာဏာပြန်လည်ရယူခဲ့တဲ့ တာလီဘန်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ အာဖဂန်နစ္စတန်ဟာ စီးပွားရေးအခက်အခဲအပြင် စားနပ်ရိက္ခာပြတ်လပ်မှုနဲ့လည်း ရင်ဆိုင်နေရပါတယ်။