Rafah အခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံ့လုံခြုံရေး အကြံပေး က အစ္စရေးဝန်ကြီးချုပ်ကို အစ္စရေးမှာ တွေ့ဆုံ

အိမ်ဖြူတော် နိုင်ငံ့လုံခြုံရေးအကြံပေး Jake Sullivan ဟာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ဂါဇာကမ်းမြှောင်ဒေသ တောင်ပိုင်းက Rafah က စစ်ဆင်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ တနင်္ဂနွေနေ့က အစ္စရေးမှာ တွေ့ဆုံခဲ့ပါတယ်။

"အရပ်သားတွေကို ထိခိုက်မှု အနည်းဆုံးဖြစ်စေဖို့ လုပ်ဆောင်ရင်း ဟားမတ်စ်ကို အနိုင်ယူနိုင်ဖို့ သေချာတဲ့ နည်းလမ်းတွေကို နှစ်ဖက် ဆွေးနွေးခဲ့တယ်" လို့ အိမ်ဖြူတော်က ပြောပါတယ်။

Rafah နဲ့ ပတ်သက်ပြီး ကာလရှည်ကြာ ထားရှိလာခဲ့တဲ့ သမ္မတ Joe Biden ရဲ့ ရပ်တည်ချက်ကို မစ္စတာ Sullivan က ထပ်လောင်း ပြောကြားခဲ့ကြောင်း သိရပါတယ်။

အရပ်သား အသေအပျောက်တွေ ဖြစ်နိုင်ခြေရှိတဲ့ Rafah မှာ ပြုလုပ်မယ့်ကြီးမားတဲ့ မြေပြင်ထိုးစစ်ဆင်မှုကို ဆန့်ကျင်တဲ့ အမေရိကန်ရဲ့ ရပ်တည်ချက်ကို သူက ထပ်လောင်း အလေးပေး ပြောကြားခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ဟားမတ်စ် အကြီးတန်းအဖွဲ့ဝင်တွေကိုပဲ ပစ်မှတ်ထားဖို့ အစ္စရေးကို သူက တိုက်တွန်းခဲ့ပုံရပါတယ်။

အစ္စရေး တပ်ဖွဲ့ဝင်တွေဟာ လူအများအပြား ခိုလှုံနေကြတဲ့ Rafah မြို့မှာ ဟားမတ်စ်အဖွဲ့ကို ဆက်လက် တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။ အစ္စရေးဟာ တိုက်ခိုက်မှုတွေ အရှိန်မြှင့်တင်ရေးအတွက် အဲဒီဧရိယာကို တပ်ဖွဲ့တွေ နောက်ထပ် စေလွှတ်ဖို့ အသင့်ရှိနေပါတယ်။

အစ္စရေးက Rafah မှာ မြေပြင်စစ်ဆင်ရေးတွေ ဆက်လက် လုပ်ဆောင်ပါက ကျည်ဆံတွေနဲ့ တခြားလက်နက်တွေ ပေးတာကို အမေရိကန်အစိုးရက ရပ်ဆိုင်းထားမယ်လို့ သမ္မတ Biden က သတိပေးထားပါတယ်။

ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ (UNRWA) က လူပေါင်း ၈၀၀,၀၀၀ လောက် ဟာ Rafah ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဘေးကင်းလုံခြုံတဲ့ ရေပေးဝေမှုတွေလည်း မရရှိကြဘူး လို့ ပြောပါတယ်။

တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာဟာ အရပ်သားတွေကို ပိုပြီးထိခိုက်နစ်နာစေလိမ့်မယ်လို့ အဲဒီအေဂျင်စီက သတိပေးထားပါတယ်။