စည်းကမ်းဖောက်ဖျက်ကြောင်း သံသယရှိတဲ့ တရုတ်စိုက်ပျိုးရေးဝန်ကြီးကို စုံစမ်းစစ်ဆေးနေ

တရုတ်ကွန်မြူနစ်ပါတီရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စောင့်ကြပ်မှုအဖွဲ့က လယ်ယာစိုက်ပျိုးရေးဝန်ကြီးဟာ စည်းကမ်းနဲ့ ဥပဒေချိုးဖောက်ကြောင်း သံသယရှိတဲ့အတွက် စုံစမ်းစစ်ဆေးခံနေရတယ်လို့ ဆိုပါတယ်။

ဝန်ကြီး Tang Renjian ဟာ စစ်ဆေးမေးမြန်းခံနေရကြောင်း စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်က စနေနေ့မှာ ကြေညာခဲ့ပါတယ်။ တခြား အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။ ဒီသတင်းကို တရုတ်မီဒီယာအများအပြားက ချက်ချင်းဖော်ပြခဲ့ပါတယ်။

မစ္စတာ Tang ဟာ ၂၀၂၀ ပြည့်နှစ်မှာ အဲဒီရာထူးတာဝန်ကို ရယူခဲ့ပါတယ်။ သူဟာ စိုက်ပျိုးရေးဆိုင်ရာ စီမံခန့်ခွဲမှု‌ကို ကာလကြာရှည် ပါဝင်လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ တရုတ်ပြည်မကြီး Shaanxi ပြည်နယ်က ညီလာခံတစ်ခုမှာ ဗုဒ္ဓဟူးနေ့က သူမိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒါဟာ လတ်တလော လူအများရှေ့မှောက်မှာ သူ့ကို နောက်ဆုံးအကြိမ် တွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ပါတီညီလာခံမှာ တရုတ်သမ္မတ Xi Jinping က သူ့ရဲ့တတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးတဲ့နောက်ပိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦးဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး Qin Gang နဲ့ ကာကွယ်ရေးဝန်ကြီး Li Shangfu တို့ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

မစ္စတာ Xi နဲ့ ပါတီခေါင်းဆောင်တွေဟာ ပါတီရဲ့ တတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင်လမှာ ခေါ်ယူကျင်းပမှာဖြစ်ပါတယ်။ ပါတီနဲ့ အစိုးရအတွင်း ရာထူးအပြောင်းအလဲတွေ ရှိ၊ မရှိ ဆိုတာကို အကဲခတ်လေ့လာသူတွေက စောင့်ကြည့်နေကြပါတယ်။