ဂျပန်က ပင်လယ်စာတင်ပို့ရောင်းချသူတွေရဲ့ မှတ်ပုံတင်မှုတွေကို တရုတ် ဆိုင်းငံ့

ဂျပန် ပင်လယ်စာတင်ပို့ရောင်းချသူတွေ အသုံးပြုခဲ့တဲ့ အဆောက်အအုံတွေအတွက် မှတ်ပုံတင်မှုတွေကို တရုတ်အာဏာပိုင်တွေက ဆိုင်းငံ့ထားကြောင်း NHK က သိရှိရပါတယ်။

တရုတ်နိုင်ငံကို ရေထွက်ကုန်ပစ္စည်းတွေ တင်ပို့ဖို့ ကြိုးပမ်းနေတဲ့ ဂျပန်ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ ပြုပြင်ထုတ်လုပ်ရေး၊ သိုလှောင်ရေးနဲ့ တခြားအဆောက်အအုံတွေကို တရုတ်အကောက်ခွန်အာဏာပိုင်တွေဆီမှာ မှတ်ပုံတင်ဖို့ လိုအပ်ပါတယ်။

ထိခိုက်ပျက်စီးခဲ့တဲ့ ဖူကူရှီးမား အမှတ် (၁) နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကနေ ပြုပြင်ပြီး ရေထပ်ရောထားတဲ့ ရေတွေကို ပင်လယ်ထဲ စွန့်ထုတ်ခဲ့ပြီးနောက် တရုတ်အာဏာပိုင်တွေက ဂျပန်ပင်လယ်စာ တင်သွင်းမှုကို ရပ်ဆိုင်းခဲ့ပါတယ်။

တင်ပို့သူတွေရဲ့ အဆောက်အအုံတွေအတွက် မှတ်ပုံတင် သက်တမ်းဟာ ပြီးခဲ့တဲ့လအထိ ရှိခဲ့တယ်လို့ ဒီကိစ္စနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဂျပန်အစိုးရနဲ့ နီးစပ်တဲ့ တခြားသတင်းရင်းမြစ်တွေက တရုတ်အာဏာပိုင်တွေဟာ မှတ်ပုံတင်မှု အားလုံးကို အခုလမှာ ဆိုင်းငံ့ထားတယ်လို့ ပြောပါတယ်။

အခုနောက်ဆုံး အဲဒီလိုလုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး တရုတ်ဘက်က ဂျပန်ကို ရှင်းလင်းချက် တစ်စုံတစ်ရာ မပေးခဲ့ဘူးလို့ သူတို့က ပြောပါတယ်။

ပြုပြင်ပြီး ရေထပ်ရောထားတဲ့ ရေတွေ စွန့်ထုတ်မှုနဲ့ ပတ်သက်ပြီး အခုနှစ်မှာ အစိုးရတွေ ဆွေးနွေးမှုပြုလုပ်နေတဲ့အကြား အခုလို ဖြစ်လာတာဖြစ်ပါတယ်။

မှတ်ပုံတင်တာကို ဆိုင်းငံ့ထားဖို့ တရုတ်နိုင်ငံက ဘာဖြစ်လို့ အခုလိုအချိန်ကို ရွေးချယ်ခဲ့သလဲဆိုတာ သူတို့အနေနဲ့ ရှာဖွေထုတ်ဖော်ဖို့လိုအပ်တယ်လို့ အစိုးရသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဖူကူရှီးမား အမှတ် (၁) နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ ၂၀၁၁ ခုနှစ် ငလျင်နဲ့ ဆူနာမီတွေ ဖြစ်ပွားပြီးနောက်မှာ နျူကလီးယား အရည်ပျော်မှု ၃ ခု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီစက်ရုံမှာ အရည်ပျော်နေတဲ့ လောင်စာတွေကို အအေးပေးဖို့ အသုံးပြုခဲ့တဲ့ ရေတွေဟာ မိုးရေ၊ မြေအောက်ရေတွေနဲ့ ရောနှောသွားခဲ့ပါတယ်။

စုပုံလာတဲ့ရေတွေထဲက ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းများ အများစုကို ဖယ်ရှားပြီး ပြုပြင်ခဲ့ပေမဲ့ ထရီတီယံဒြပ်ကတော့ ကျန်ရှိနေပါတယ်။

ပြုပြင်ထားတဲ့ရေတွေကို သမုဒ္ဒရာထဲ မစွန့်ထုတ်ခင်မှာ ဒီစက်ရုံကို စီမံခန့်ခွဲနေတဲ့ ကုမ္ပဏီက ထရီတီယံပါဝင်မှုအဆင့်ကို သောက်သုံးရေဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စံချိန်စံညွှန်းထက် ၇ ပုံ ၁ ပုံ လောက်အထိ လျော့ကျလာအောင် ရေတွေထပ်ရောခဲ့ပါတယ်။