လက်တုံ့ပြန်မှုအနေနဲ့ ရုရှားက ဗြိတိန်ကာကွယ်ရေးအရာရှိကို နှင်ထုတ်

ရုရှားနိုင်ငံ မော်စကိုမြို့မှာရှိတဲ့ ဗြိတိန်သံရုံးက ကာကွယ်ရေးသံမှူးကို နှင်ထုတ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ရုရှားက ကြေညာလိုက်ပါတယ်။ အခုလအစောပိုင်းမှာ ဗြိတိန်က ပြုလုပ်ခဲ့တဲ့ အလားတူ လုပ်ရပ်ကို လက်တုံ့ပြန်တဲ့ လုပ်ဆောင်မှု ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ရုရှားကာကွယ်ရေးသံမှူးတစ်ဦးကို နိုင်ငံတွင်းက နှင်ထုတ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဗြိတိန်အစိုးရက မေလ ၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အဲဒီလူဟာ ထောက်လှမ်းရေးအရာရှိတစ်ဦးဖြစ်တာကို အကြောင်းမကြားထားဘူးလို့ ဗြိတိန်က အခိုင်အမာ ဆိုပါတယ်။ နိုင်ငံတွင်းမှာရှိတဲ့ ရုရှားပိုင်ဆိုင်မှု တချို့ကနေ သံတမန်ရေးရာ အဆောက်အအုံ သတ်မှတ်ချက်ကို ဖယ်ရှားဖို့ စီစဉ်နေကြောင်းလည်း ဗြိတိန်က ကြေညာခဲ့ပါတယ်။ အဲဒီနေရာတွေကို ထောက်လှမ်းရေးဆိုင်ရာ ရည်ရွယ်ချက်အတွက် အသုံးပြုလာခဲ့တယ်လို့ ယုံကြည်ကြောင်း ဗြိတိန်က ဆိုပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဟာ မော်စကိုမြို့က ဗြိတိန်သံရုံးရဲ့ ကိုယ်စားလှယ်တစ်ဦးကို ကြာသပတေးနေ့က ဆင့်ခေါ်ချိန်မှာ အဲဒီလက်တုံ့ပြန်တဲ့ အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ ဗြိတိန်အစိုးရရဲ့ "ဖော်ရွေမှုမရှိပဲ အခြေအမြစ်မရှိတဲ့ ဆုံးဖြတ်ချက်" ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီ ဗြိတိန်သံရုံးကိုယ်စားလှယ်ကို ပြောကြားခဲ့ပါတယ်။

"မေလ ၈ ရက်နေ့မှာ ဗြိတိန်ဘက်က ကြေညာခဲ့တဲ့ မိတ်ဆွေမဆန်တဲ့ ရုရှားဆန့်ကျင်ရေး လုပ်ရပ်အပေါ် ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုဟာ ဒီဆောင်ရွက်ချက်နဲ့ပဲ ရပ်သွားမှာ မဟုတ်ဘူး" လို့ အဲဒီဝန်ကြီးဌာနက ပြောပါတယ်။ တခြား လက်တုံ့ပြန်ရေး ဆောင်ရွက်ချက်တွေကို လုပ်ဆောင်မယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတိပေးခဲ့ပါတယ်။