ယူကရိန်းအတွက် နောက်ထပ် စစ်ရေးအကူအညီတွေပေးမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကြေညာ

ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးရှိတဲ့ နောက်ထပ် အထောက်အပံ့တွေပေးမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြေညာလိုက်ပါတယ်။

မစ္စတာ Blinken က ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba ကို စစ်သားတွေနဲ့ အရပ်သားတွေကို ကာကွယ်ဖို့အတွက် လက်နက်နဲ့ကျည်ဆန်တွေ ပို့ပေးဖို့ အမေရိကန်အရာရှိတွေက "အပူတပြင်း" လုပ်ဆောင်နေကြောင်း ဗုဒ္ဓဟူးနေ့က Kyiv မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

"ယူကရိန်း အောင်မြင်ဖို့၊ အနိုင်ရဖို့ လိုအပ်တဲ့ လက်နက်ကိရိယာတွေကို ကျွန်တော်တို့အနေနဲ့ ဆက်ပြီး ပံ့ပိုးသွားမှာပါ" လို့ မစ္စတာ Blinken က ပြောပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေကို Patriot ဒုံးကျည်တွေနဲ့ တခြား လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ထောက်ပံ့ပေးဖို့ အာရုံစိုက်နေတယ်လို့ သူက ထည့်သွင်း‌ပြောကြားခဲ့ပါတယ်။ ရုရှားတပ်တွေက နိုင်ငံ့အရှေ့ပိုင်း Kharkiv ဒေသကို ပိုမိုဖိအားပေး ထိုးစစ်ဆင်နေတဲ့ အရေးကြီးတဲ့အချိန်မှာ အဲဒီပံ့ပိုးမှုတွေဟာ ရောက်လာမှာဖြစ်ကြောင်း သူက ပြောပါတယ်။

အဲဒီပံ့ပိုးမှုဟာ ယူကရိန်းက လိုအပ်နေတဲ့ ပစ္စည်းတွေ ပိုမိုထုတ်လုပ်ဖို့အပြင် တခြားနိုင်ငံတွေက စစ်လက်နက်ပစ္စည်းတွေကို ဝယ်ယူဖို့အတွက်လည်း အထောက်အကူဖြစ်မှာဖြစ်ကြောင်း သူက ပြောကြားခဲ့ပါတယ်။