ပေကျင်း ထိပ်သီးအစည်းအဝေးမှာ ရုရှားနဲ့ တရုတ် သမ္မတတွေ ဆက်ဆံရေးပိုမိုနက်ရှိုင်းဖို့ ကြိုးပမ်း

ရုရှားသမ္မတ Vladimir Putin နဲ့ တရုတ်သမ္မတ Xi Jinping တို့က ပေကျင်းမှာကျင်းပတဲ့ သူတို့ရဲ့ ထိပ်သီးအစည်းအဝေးမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အရေးကြီးကြောင်း အတည်ပြုခဲ့ကြပါတယ်။

ရုရှားခေါင်းဆောင်ဟာ တရုတ်ကို ၂ ရက်ကြာ တရားဝင်ခရီးစဉ်အဖြစ် ကြာသပတေးနေ့ မနက်အစောပိုင်းမှာ ပေကျင်းမြို့ကို ရောက်ရှိခဲ့ပါတယ်။ ဒါဟာ မေလ ၇ ရက်နေ့မှာ မစ္စတာ Putin က ပဉ္စမအကြိမ်မြောက် သမ္မတသက်တမ်း စတင် တာဝန်ထမ်းဆောင်ခဲ့တဲ့နောက်ပိုင်း သူ့ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်ဖြစ်ပါတယ်။

ကြာသပတေးနေ့ မွန်းလွဲပိုင်းက တွေ့ဆုံချိန်မှာ မစ္စတာ Xi က မစ္စတာ Putin ကို ပဉ္စမအကြိမ်မြောက် သမ္မတသက်တမ်းအတွက် ဂုဏ်ပြုခဲ့တယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ မစ္စတာ Putin ရဲ့ ဦးဆောင်မှုအောက်မှာ ရုရှားဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ သစ်လွင်ပြီး ပိုမိုကြီးမားတဲ့ တိုးတက်မှုတွေကို မလွဲမသွေဖော်ဆောင်နိုင်မယ်လို့ မစ္စတာ Xi က ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံဆက်ဆံရေး တည်တည်ငြိမ်ငြိမ် တိုးတက်ဖြစ်ထွန်းမှုဟာ နှစ်နိုင်ငံရဲ့ အခြေခံအကျိုးစီးပွားအတွက်သာမက ဒေသတွင်းနဲ့ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးကို အထောက်အကူ ဖြစ်စေတယ်ဆိုတဲ့ မစ္စတာ Xi ရဲ့ ပြောကြားချက်ကို သတင်းတွေမှာ ကိုးကားဖော်ပြခဲ့ပါတယ်။

ရုရှားနဲ့ တရုတ်တို့ဟာ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို တည်ဆောက်ခဲ့တယ်လို့ မစ္စတာ Putin က တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။

ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှုဟာ နိုင်ငံတကာနယ်ပယ်မှာ တည်ငြိမ်ရေးအတွက် အဓိကအချက်တွေထဲက တစ်ခုဖြစ်တယ်ဆိုတဲ့ မစ္စတာ Putin ရဲ့ မှတ်ချက်ကို ရုရှားမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ စီးပွားရေးနဲ့ တခြားနယ်ပယ်တွေမှာ နှစ်နိုင်ငံဆက်ဆံရေးရဲ့ အရေးပါမှုကို သူက အလေးပေးပြောကြားခဲ့ပါတယ်။