ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ဒေါ်လာ ၃.၆ ဘီလီယံ မြောက်ကိုရီးယား ခိုးယူတယ်လို့ ကုလ ဒဏ်ခတ်ပိတ်ဆို့မှု စောင့်ကြည့်သူတွေ သံသယရှိ

မြောက်ကိုရီးယားဟာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ဧပြီလ အတွင်း အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ တန်ဖိုးရှိတဲ့ cryptocurrency ခိုးယူမှု အပါအဝင် ဆိုက်ဘာတိုက်ခိုက်မှုပေါင်း ၉၇ ခုရဲ့ နောက်ကွယ်မှာ ရှိနေတယ်လို့ ကုလသမဂ္ဂ ဒဏ်ခတ်ပိတ်ဆို့မှု စောင့်ကြည့်သူတွေက သံသယရှိနေပါတယ်။

အဲဒီစောင့်ကြည့်သူတွေဟာ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကြီးကြပ်နေတဲ့ လုံခြုံရေးကောင်စီက ကျွမ်းကျင်သူအဖွဲ့ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ခဲ့ပါတယ်။ အဲဒီအဖွဲ့ရဲ့ လုပ်ပိုင်ခွင့် သက်တမ်းတိုးတာကို ရုရှားက ဗီတိုအာဏာနဲ့ ပယ်ချခဲ့ပြီးနောက် ဧပြီလကုန်မှာ အဲဒီအဖွဲ့ကို ဖျက်သိမ်းခဲ့ပါတယ်။

စောင့်ကြည့်သူတချို့က မပြီးဆုံးသေးတဲ့ သူတို့ရဲ့အလုပ်တွေကို မြောက်ကိုရီးယားဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှု ကော်မတီဆီ သောကြာနေ့က တင်ပြခဲ့တယ်လို့ ကုလသမဂ္ဂ သံတမန်ရေးရာ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သူတို့ရဲ့အစီရင်ခံစာထဲမှာ မြောက်ကိုရီးယားဟာ ငွေအရောင်းအဝယ်လုပ်တဲ့ အင်တာနက်စာမျက်နှာတစ်ခုကနေ အမေရိကန်ဒေါ်လာ ၁၄၇.၅ သန်း တန်ဖိုးရှိတဲ့ cryptocurrency တွေကို ခိုးယူခဲ့တဲ့နောက် crypto mixer ဝန်ဆောင်မှုကို အသုံးပြုပြီး မတ်လတုန်းက အဲဒီငွေတွေကို ငွေကြေးခဝါချခဲ့တယ်လို့ စောင့်ကြည့်သူတွေက စွပ်စွဲထားပါတယ်။

အဲဒီဝန်ဆောင်မှုဆိုတာကတော့ ငွေတွေရဲ့ ဇစ်မြစ်နဲ့ ပိုင်ဆိုင်သူတွေကိုဖုံးကွယ်ဖို့အတွက် သုံးစွဲသူ အများအပြားရဲ့ cryptocurrency တွေကို ရော‌နှောတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။

ခိုးယူခံထားရတဲ့ ငွေတွေကို မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ဒုံးကျည် တီထွင်ထုတ်လုပ်ရေး အစီအစဉ်တွေအတွက် ထောက်ပံ့ငွေအဖြစ် အသုံးပြုနေတယ်လို့ အဲဒီအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။