ဇန်နဝါရီလကနေ မတ်လအထိ ၃ လပတ်မှာ ဂျပန်ရဲ့ GDP နှစ်အလိုက်တွက်ရင် ၂ ရာခိုင်နှုန်း ကျဆင်း

အခုနောက်ဆုံး GDP ကိန်းဂဏန်းတွေအရ ဇန်နဝါရီလကနေ မတ်လအတွင်းမှာ စားသုံးသူ သုံးစွဲမှု ကျဆင်းခဲ့တာကို အကြောင်းပြုပြီး ဂျပန်နိုင်ငံရဲ့ စီးပွားရေးဟာ ၃ လပတ် ၂ ခုအတွင်းပထမဆုံးအကြိမ် ကျဆင်းခဲ့ပါတယ်။

အခုနှစ် ပထမ ၃ လပတ်အတွက် ပဏာမအချက်အလက်တွေကို အစိုးရအဖွဲ့ရုံးက ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီကိန်းဂဏန်းတွေအရ အဲဒီ ၃ လမှာ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး (GDP) ဟာ နှစ်အလိုက်အနေနဲ့ တွက်ချက်ရင် ပကတိအားဖြင့် အရင် ၃ လပတ်ကထက် ၂ ရာခိုင်နှုန်း ကျဆင်းခဲ့တာ တွေ့ရပါတယ်။

ဂျပန်နိုင်ငံရဲ့ GDP ထက်ဝက်ကျော်ကို နေရာယူထားတဲ့ ပုဂ္ဂလိကသုံးစွဲမှုက ၀.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

ဂျပန့် မော်တော်ယာဥ်ထုတ်လုပ်ရေးနယ်ပယ်မှာ အနှောင့်အယှက်ဖြစ်မှုတွေကြောင့် စုစုပေါင်းကိန်းဂဏန်း ကျဆင်းခဲ့ပါတယ်။ အစိုးရရဲ့ ဘေးကင်းရေးစံနှုန်းတွေနဲ့ မကိုက်ညီတာတွေ တွေ့ခဲ့ရတဲ့နောက် တချို့ ကားကုမ္ပဏီတွေက ထုတ်လုပ်မှုနဲ့ တင်ပို့ရောင်းချမှုတွေကို ဆိုင်းငံ့ခဲ့ကြပါတယ်။

ဂျပန်နိုင်ငံရဲ့ မော်တော်ယာဥ်လုပ်ငန်းမှာဖြစ်ခဲ့တဲ့ အဲဒီလို အနှောင့်အယှက်တွေကြောင့် စုစုပေါင်းပို့ကုန်ပမာဏဟာ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။