Rafah စစ်ဆင်ရေး သီတင်းပတ်အနည်းငယ်အတွင်း ပြီးဆုံးမယ်လို့ အစ္စရေး ဝန်ကြီးချုပ်ဆို

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဂါဇာတောင်ပိုင်းက ဟားမတ်စ်တပ်ရင်း ၄ ခုကို ဖျက်ဆီးဖို့ လိုအပ်တာကို အလေးပေးပြောကြားခဲ့ပြီး Rafah မှာ ထိုးစစ်ဆင်မှုဟာ "လတွေ နှစ်တွေချီမှာမဟုတ်ဘဲ ရက်သတ္တပတ်အနည်းငယ်လောက်ပဲ" ကြာမြင့်မယ်လို့ ပြောပါတယ်။။

အမေရိကန်သတင်းဌာန CNBC က မစ္စတာ Netanyahu ကို ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ သဘောထားကွဲလွဲမှုရှိတယ်လို့ သူက မှတ်ချက်ပြုခဲ့ပါတယ်။ ဒါပေမဲ့ သူက "တစ်ခါတလေ ရှင်သန်မှုနဲ့ အနာဂတ်ကို အာမခံနိုင်ဖို့ လိုအပ်တဲ့အရာကို မဖြစ်မနေလုပ်ရမယ်" လို့ ပြောပါတယ်။

အရပ်သားအများအပြား ခိုလှုံနေတဲ့ Rafah မှာ အကြီးစားမြေပြင်စစ်ဆင်ရေးကို အစ္စရေးတပ်တွေက လုပ်ဆောင်မယ်ဆိုရင် ခဲယမ်းမီးကျောက်နဲ့ တခြားလက်နက်တွေ ပေးအပ်တာကို ရပ်ဆိုင်းမယ်လို့ အမေရိကန်သမ္မတ Joe Biden က သတိပေးခဲ့ပါတယ်။။

အစ္စရေးစစ်တပ်က လွန်ခဲ့တဲ့နေ့မှာ ဒီကမ်းမြောင်ထဲက ပစ်မှတ် ၈၀ လောက်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။ Rafah နဲ့ မြောက်ပိုင်းက Jabalia မြို့တွေမှာ ဟားမတ်စ် တိုက်ခိုက်ရေးသမား အများအပြားကို သူတို့ရဲ့ မြေပြင်တပ်ဖွဲ့တွေက သုတ်သင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။

ကာတာအခြေစိုက် ဂြိုဟ်တုရုပ်မြင်သံကြား ကွန်ရက် Al Jazeera က မြောက်ပိုင်းမှာရှိတဲ့ Gaza City က ကုလသမဂ္ဂ အေဂျင်စီတစ်ခုရဲ့ ဆေးခန်းတစ်ခုကို ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။