လီရှန်လွန်း နေရာမှာ အစားထိုးတာဝန်ယူမယ့် စင်ကာပူဝန်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆို

စင်္ကာပူနိုင်ငံမှာ ကာလရှည်ကြာ တာဝန်ထမ်း ဆောင်ခဲ့တဲ့ ဝန်ကြီးချုပ် လီရှန်လွန်း ရာထူးက နုတ်ထွက်ခဲ့ပြီး ဒုတိယ ခေါင်းဆောင် Lawrence Wong က အစားထိုး တာဝန်ယူလိုက်ပါတယ်။

မစ္စတာ Wong ဟာ ဗုဒ္ဓဟူးနေ့မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ ပြောကြားခဲ့တဲ့မိန့်ခွန်းမှာ သူက သူ့ရဲ့ခေါင်းဆောင်မှုပုံစံဟာ အရင်မျိုးဆက်တွေနဲ့ ကွဲပြားမယ်လို့ ဆိုရင်း မျိုးဆက်အပြောင်းအလဲ ဖြစ်ပေါ်ခဲ့တာကို အလေးအနက် ပြောကြားခဲ့ပါတယ်။

အမေရိကန်-တရုတ် ဆက်ဆံရေး ဆိုးရွားလာနေတာနဲ့ စင်္ကာပူလူဦးရေမှာ အသက်ကြီးသူဦးရေ အလျင်အမြန် မြင့်တက်လာနေတာတွေအပါအဝင် အစိုးရက ရင်ဆိုင်နေရတဲ့ သံတမန်ရေးနဲ့ ပြည်တွင်းကပြဿနာတွေကို မစ္စတာ Wong က အထူးပြုပြောကြားခဲ့ပါတယ်။ စင်္ကာပူနိုင်ငံသားတွေအနေနဲ့ သူနဲ့ သူ့အဖွဲ့တို့နဲ့အတူလက်တွဲပြီး အနာဂတ်ကိုလျှောက်လှမ်းကြပါလို့ဆိုရင်း စည်းလုံးညီညွတ်မှုကို တောင်းဆိုခဲ့ပါတယ်။

အစိုးရအရာရှိဟောင်းတစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ်သစ်ဟာ အသက် ၅၁ နှစ်ရှိပြီဖြစ်ပြီး လူလတ်တန်းစားမိသားစုမှာ ကြီးပြင်းလာခဲ့ပါတယ်။

သူဟာ COVID-19 လုပ်ငန်းအဖွဲ့ရဲ့ ပူးတွဲဥက္ကဌအဖြစ် အများရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ မစ္စတာ Wong ဟာ ၂၀၂၂ ခုနှစ်မှာ ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

စင်္ကာပူရဲ့ ပထမဆုံးဝန်ကြီးချုပ်ဖြစ်ပြီး နိုင်ငံကို တည်ထောင်ခဲ့သူဖြစ်တဲ့ ကွယ်လွန်သူ လီကွမ်းယူရဲ့ သားအကြီးဆုံး လီရှန်လွန်းရဲ့ ရာထူးကို သူကဆက်ခံခဲ့တာဖြစ်ပါတယ်။ မစ္စတာ လီရှန်လွန်းဟာ ထင်ရှားကျော်ကြားမှုနဲ့ ခေါင်းဆောင်မှုတွေကြောင့် ဆယ်စုနှစ် ၂ ခုနီးပါး ရာထူးအာဏာတည်မြဲနေခဲ့ပါတယ်။

ရာထူးက နုတ်ထွက်ခဲ့တဲ့ မစ္စတာ လီရှန်လွန်းဟာ မစ္စတာ Wong ရဲ့ အစိုးရအဖွဲ့မှာ အကြီးတန်း ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။