ဆလိုဗက်ကီးယား ဝန်ကြီးချုပ် သေနတ်နဲ့ အပစ်ခံရပြီး ဆေးရုံတင်ထားရ

ဘယ်သူဘယ်ဝါဖြစ်ကြောင်း မထုတ်ဖော်နိုင်သေးတဲ့ လူသတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုခံရပြီးတဲ့နောက် ဆလိုဗက်ကီးယား ဝန်ကြီးချုပ် Robert Fico ကို ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

မစ္စတာ Fico ဟာ အသက်အန္တရာယ်ရှိတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆလိုဗက်ကီးယား အစိုးရရုံးကပြောကြောင်း Reuters သတင်းမှာ ဖော်ပြခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က အစိုးရအစည်းအဝေးတက်ဖို့ မစ္စတာ Fico ရောက်လာခဲ့တဲ့ ဆလိုဗက်ကီးယားနိုင်ငံအလယ်ပိုင်း Handlova မှာ အဲဒီပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အစည်းအဝေးအပြီး လူစုလူဝေးကို နှုတ်ဆက်နေတုန်းမှာ မစ္စတာ Fico ဟာ သေနတ်နဲ့ အပစ်ခံခဲ့ရတယ်လို့ ဒေသခံ မီဒီယာတွေကို ကိုးကားပြီး ဗြိတိန်ရဲ့ BBC သတင်းဌာနက ဖော်ပြပါတယ်။

မစ္စတာ Fico ဟာ ဝမ်းဗိုက်မှာ ဒဏ်ရာတွေရရှိခဲ့ပြီး သူ့ကို ရဟတ်ယာဉ်နဲ့ ဆေးရုံကိုသယ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

သံသယရှိသူကို ဖမ်းဆီးထားကြောင်း သိရပါတယ်။

Reuters သတင်းဌာနက ပစ်ခတ်မှုဖြစ်ပြီးပြီးချင်း အခင်းဖြစ်ပွားတဲ့နေရာရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ချက်ချင်းဆိုသလို ထုတ်ပြန်ခဲ့ပါတယ်။

ဗီဒီယိုထဲမှာ ဥသြသံမြည်နေတဲ့ လူနာတင်ယာဉ်နဲ့ ပိတ်ဆို့တားဆီးထားတဲ့ အခင်းဖြစ်ပွားတဲ့နေရာတွေကို ပြသထားပါတယ်။

ဗီဒီယိုတစ်ခုမှာ မစ္စတာ Fico ရဲ့ လုံခြုံရေးအစောင့်အရှောက်တွေလို့ ယူဆရတဲ့ အမျိုးသားတွေက သူ့ကို ကားထဲသို့ပို့ဆောင်နေပြီး တခြားဗီဒီယိုမှာ ရဲတွေဖြစ်ပုံရတဲ့အမျိုးသားတွေက ရှပ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီဝတ်ဆင်ထားတဲ့ အသက်ကြီးကြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးနေတာ တွေ့ရပါတယ်။