အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေနီးပါးဖြစ်နေဟု ကာတာဝန်ကြီးချုပ်ဆို

ကာတာဟာ ဓားစာခံတွေ လွတ်မြောက်ရေး အာမခံချက်ရှိစေဖို့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိအောင် အစ္စရေးနဲ့ဟားမတ်စ်တို့အကြား ဆွေးနွေးပွဲတွေ လက်ခံကျင်းပခြင်းဖြင့် ဂါဇာမှာ တင်းမာမှုတွေ ငြိမ်သက်သွားစေဖို့ လနဲ့ချီပြီး ကြိုးပမ်းလာခဲ့ပါတယ်။ ဒါပေမဲ့လည်း စေ့စပ်ညှိနှိုင်းမှုတွေဟာ "ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေနီးပါးဖြစ်နေတယ်" လို့ အဲဒီနိုင်ငံခေါင်းဆောင်က ဝန်ခံလိုက်ပါတယ်။

ဝန်ကြီးချုပ် Mohammed bin Abdulrahman Al-Thani က ဓားစာခံတွေအကြောင်း ‌ဆွေးနွေးတာမတိုင်ခင် တိုက်ပွဲတွေကို အရင်အဆုံးသတ်စေချင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း အစ္စရေးမှာ ကွဲပြားတဲ့ ထင်မြင်ယူဆချက်တွေ ရှိနေတယ်လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

"အဲဒီနှစ်ခုကြား အခြေခံတူညီမှုမရှိသရွေ့တော့ ကျွန်တော််တို့အတွက်ရလဒ်ထွက်ပေါ်လာမှာ မဟုတ်ဘူး" လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

တောင်ပိုင်း Rafah မြို့မှာ အစ္စရေးရဲ့ ထိုးစစ်ဆင်မှုက ဆွေးနွေးပွဲကို နောက်ပြန်ဆုတ်သွားစေတယ်လို့လည်း သူက ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသက ပစ်မှတ်ပေါင်း ၁၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေကို ဖယ်ရှားရှင်းလင်းခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဂါဇာအလယ်ပိုင်းက Nuseirat မြို့မှာ လေကြောင်းတိုက်ခိုက်မှုတစ်ခု အတွင်း လူနေအဆောက်အအုံတစ်ခု ပျက်စီးခဲ့ပြီး ကလေးငယ်တွေအပါအဝင် လူပေါင်း ၄၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ Al Jazeera သတင်းဌာနက ဖော်ပြခဲ့ပါတယ်။