ဒီမိုကရေစီလိုလားတဲ့ မြန်မာအဖွဲ့တွေက တိုကျိုမှာ အကူအညီတွေ တောင်းဆို

မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးစုတွေ၊ ဒီမိုကရေစီ လိုလားတဲ့အုပ်စုတွေရဲ့ အကြီးတန်း အရာရှိတွေ တိုကျိုမြို့ကို ရောက်လာခဲ့ပါတယ်။ စစ်အစိုးရနဲ့ သူတို့ကြားက တိုက်ပွဲတွေ အကြောင်းကို ပြောပြခဲ့ပြီး ဂျပန်နိုင်ငံကနေ ပံ့ပိုးမှုတွေကို တောင်းဆိုခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (၃) ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၀န်ကြီးတစ်ဦးတို့ ဗုဒ္ဓဟူးနေ့မှာ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

NUG ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ဦးဇော်ဝေစိုးက မြန်မာနိုင်ငံနယ်မြေရဲ့ ၆၅ ရာခိုင်နှုန်းကို သူတို့ ထိန်းချုပ်ထားတယ်လို့ ပြောပါတယ်။ ၂၀၂၁ ခုနှစ်ကအာဏာသိမ်းမှု နောက်ပိုင်း စစ်အစိုးရကို ဆန့်ကျင်တဲ့ တိုက်ပွဲတွေ စတင်ခဲ့ပါတယ်။

NUG တပ်ဖွဲ့ အင်အား ပိုများလာလေလေ စစ်တပ်က ပိုပြီးရက်စက်ကြမ်းကြုတ်လာလေလေ ဖြစ်လာပြီး စစ်တပ်ရဲ့လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လူအများအပြား သေဆုံးခဲ့တယ်လို့ အဲဒီဝန်ကြီးက ပြောပါတယ်။

ပြည်သူတွေအနေနဲ့ စစ်တပ်နဲ့ မပူးပေါင်းဘူးဆိုရင် ဆေးဝါးနဲ့ကယ်ဆယ်ရေး အထောက်အပံ့တွေ မရနိုင်ဘူးလို့လည်း သူက ပြောပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းက ထောက်ပံ့ရေးပစ္စည်း အများအပြားဟာ စစ်တပ်ကတစ်ဆင့် ပေးနေတာဖြစ်ပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို လိုအပ်နေသူတွေဆီ တိုက်ရိုက်ပို့ပေးနိုင်မယ့် နည်းလမ်းတွေရှာဖွေဖို့ ဂျပန်အစိုးရကို သူက တိုက်တွန်းခဲ့ပါတယ်။