အသံထက်အလွန်မြန်တဲ့ဒုံးကျည် ကြားဖြတ်ဟန့်တားရေးစနစ် တီထွင်ဖို့ သဘောတူညီချက် ဂျပန်နဲ့ အမေရိကန် လက်မှတ်ရေးထိုး

ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုက အစိုးရအရာရှိတွေဟာ အသံထက်အလွန်မြန်တဲ့ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားဖို့ လက်နက်စနစ် တီထွင်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အသံထက်အလွန်မြန်တဲ့ဒုံးကျည်တွေဟာ နိမ့်ပြီး ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းတွေကနေ အသံရဲ့ အမြန်နှုန်းထက် ၅ ဆ နီးပါး ပိုမြန်မြန် ပျံသန်းနိုင်တာကြောင့် ထောက်လှမ်းမိဖို့ ဒါမှမဟုတ် ပစ်ချဖို့ ခက်ခဲပါတယ်။

ရုရှားနဲ့တရုတ်တို့က အဲဒီလက်နက်တွေကို တပ်ဆင်ထားပြီးဖြစ်ပြီး မြောက်ကိုရီးယားက တီထွင်ထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လက ပြုလုပ်ခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာ ဂျပန်နဲ့အမေရိကန်တို့က အသံထက်အလွန်မြန်တဲ့ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားနိုင်တဲ့ ဒုံးကျည်စနစ်တစ်ခုကို ပူးပေါင်း တီထွင်ထုတ်လုပ်ရေး သဘောတူညီခဲ့ကြပါတယ်။

ဗုဒ္ဓဟူးနေ့က လက်မှတ်ရေးထိုးခဲ့တဲ့ အဲဒီ သဘောတူညီချက်မှာ ပါဝင်မယ့် အခန်းကဏ္ဍတွေနဲ့ ဆုံးဖြတ်ချက်ချခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို သတ်မှတ်ထားပါတယ်။ တွန်းကန်အားထုတ်ပေးတဲ့စက်ကို ဂျပန်က တီထွင်မယ်လို့တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီစနစ် တီထွင်ထုတ်လုပ်မှုကို လာမယ့်နှစ် မတ်လမကုန်ခင်မှာ စတင်ပြီး ၂၀၃၀ နှစ်ပိုင်းတွေမှာ အပြီးသတ်ဖို့ စီစဉ်ထားပါတယ်။

အိမ်နီးချင်းနိုင်ငံတွေက သူတို့ရဲ့ ဒုံးကျည်ဆိုင်ရာနည်းပညာတွေ တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်နေချိန်မှာ ဂျပန်၊ အမေရိကန် ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ကြားဖြတ်ဟန့်တားရေးစွမ်းရည်ကို လျင်မြန်စွာ မြှင့်တင်လိုကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။