အမေရိကန်အထက်လွှတ်တော်အမတ်ရဲ့ အဏုမြူဗုံးနဲ့ဆိုင်တဲ့ မှတ်ချက်တွေအပေါ် စိတ်မကောင်းဖြစ်ရဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဆို

ဟားမတ်စ်ကိုတိုက်ခိုက်ရာမှာ အစ္စရေးကိုအမေရိကန်ရဲ့ထောက်ခံမှုအပေါ် အချေအတင်ဆွေးနွေးမှုတစ်ခုအတွင်း အမေရိကန်လွှတ်တော်အမတ်တစ်ဦးက ၁၉၄၅ ခုနှစ်က ဟီရိုရှီးမားနဲ့နာဂါစာကီမြို့တွေမှာ အဏုမြူဗုံးကြဲချမှုကို ထပ်ခါတလဲလဲ ရည်ညွှန်းပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး ဂျပန် နိုင်ငံခြားရေးဝန်ကြီး Kamikawa Yoko က တုံ့ပြန်ပြောကြားခဲ့ပါတယ်။

အစ္စရေးကို အမေရိကန်က လက်နက်တင်ပို့ရောင်းချမှု တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းတာနဲ့ပတ်သက်ပြီး မေလ ၈ ရက်နေ့ကပြုလုပ်တဲ့ လွှတ်တော်ဆွေးနွေးမှုမှာ ရီပတ်ဘလစ်ကန်ပါတီဝင် အထက်လွှတ်တော်အမတ် Lindsey Graham က "သူတို့အရှုံးမခံနိုင်တဲ့စစ်ပွဲကိုတိုက်ဖို့ အစ္စရေးကို လိုအပ်တာတွေ ပေးပါ။ ဒါက ဟီရိုရှီးမားနဲ့နာဂါစာကီ လိုပဲ" လို့ ပြောကြားခဲ့ပါတယ်။

NBC News နဲ့ တနင်္ဂနွေနေ့က အင်တာဗျူးတစ်ခုမှာ မစ္စတာ Graham က ဂျပန်မြို့နှစ်မြို့ကို ဗုံးကြဲချဖို့ အမေရိကန်ရဲ့ဆုံးဖြတ်ချက်ကို ထပ်မံရည်ညွှန်းပြီး “ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ” ဆိုတာနဲ့ “စစ်ပွဲကို အဆုံးသတ်ဖို့ အစ္စရေးကို သူတို့လိုအပ်တဲ့ အဲဒီဗုံးတွေကို ပေးလိုက်ပါ" လို့ပြောဆိုခဲ့ပါတယ်။

မစ္စတာ Graham ရဲ့ မေလ ၈ ရက်နေ့က မှတ်ချက်တွေဟာ မသင့်လျော်ဘူးလို့ သူ့ရုံးကို ဂျပန်က ပြောခဲ့ပေမဲ့လည်း မစ္စတာ Graham က အဲဒီမှတ်ချက်တွေကို ထပ်ပေးခဲ့ပြန်ပါတယ်။

အင်္ဂါ‌နေ့က သတင်းထောက်တွေနဲ့ စကားပြောဆိုရာမှာ မီးစ် Kamikawa က မစ္စတာ Graham ရဲ့အခုနောက်ဆုံးမှတ်ချက်တွေဟာ အင်မတန် ဝမ်းနည်းစရာကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။

ဟီရိုရှီးမားနဲ့နာဂါစာကီတို့လို ကပ်ဆိုးတွေဟာ ဘယ်သောအခါမှ ထပ်မဖြစ်စေရဘူးလို့ မှတ်ချက်ပြုရင်းနဲ့ မီးစ် Kamikawa ကဂျပန်ဟာ နျူကလီးယားလက်နက်တွေရဲ့ လက်တွေ့ ထိခိုက်ပျက်စီးမှုတွေနဲ့ ပတ်သက်ပြီး ပိုပြီးတိကျတဲ့နား‌လည်မှုတွေကို တိုးလာစေဖို့ အစဉ်တစိုက် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။