အဏုမြူဗုံးဒဏ်ကြောင့် သေဆုံးသူစာရင်းစာအုပ်တွေ လေသလပ်ခံတဲ့လုပ်ငန်းစဉ် ဟီရိုရှီးမား ပထမဆုံးအကြိမ် တိုက်ရိုက်ထုတ်လွှင့်ပြသ

၁၉၄၅ ခုနှစ် အဏုမြူဗုံးဒဏ်ကြောင့် သေဆုံးရသူတွေရဲ့အမည်တွေပါဝင်တဲ့ မှတ်တမ်းစာအုပ်တွေကို အပြင်ထုတ် လေသလပ်ခံတဲ့ နှစ်စဉ်လုပ်နေကျလုပ်ငန်းစဉ်ကို ဟီရိုရှီးမားမြို့က အခုနှစ်မှာ ပထမဆုံးအကြိမ် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။

ကျောက်တိုင်တစ်ခုမှာ သိမ်းဆည်းထားတဲ့ အဲဒီမှတ်တမ်းတွေ စိုထိုင်းမှုပျောက်အောင် အဲဒီမြို့ရဲ့ ငြိမ်းချမ်းရေးအမှတ်တရပန်းခြံမှာ လေသလပ်ခံတာကို နှစ်စဉ်ပြုလုပ်လေ့ရှိပါတယ်။

အဲဒီထဲမှာ အဏုမြူဗုံးနဲ့ထိတွေ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့အထိမှာ သေဆုံးခဲ့သူပေါင်း ၃၃၉,၂၂၇ ဦးရဲ့ အမည်တွေနဲ့ သေဆုံးနေ့ရက်တွေကို စာရင်းပြုစုထားတဲ့ မှတ်တမ်းစာအုပ် ၁၂၆ အုပ်ရှိပါတယ်။

ဗုဒ္ဓဟူးနေ့က အလုပ်သမား ၂၀ လောက်ဟာ အဏုမြူဗုံးကျရောက်ခဲ့တဲ့ အချိန်အတိအကျဖြစ်တဲ့ မနက် ၈ နာရီ ၁၅ မိနစ်မှာ ငြိမ်သက်ဆုတောင်းပြီးနောက် စာအုပ်တွေကို ထုတ်ယူကာ အဖြူရောင်ပိတ်စအခင်းကြီးပေါ်မှာ အစီအရီ ချထားခဲ့ကြပါတယ်။

အဲဒီလုပ်ငန်းစဉ်ကို ကင်မရာ ၃ လုံးနဲ့ တိုက်ရိုက်ထုတ်လွှင့်ပြသပြီး အဲဒီဗီဒီယိုဖိုင်ကို အွန်လိုင်းမှာမတင်ခင် ပြန်လည်တည်းဖြတ်မှာ ဖြစ်ပါတယ်။

အဏုမြူဗုံးဒဏ်ခံခဲ့ရသူများဆိုင်ရာ ဟီရိုရှီးမားမြို့အရာရှိ Uemoto Shinji က ဒီလုပ်ငန်းစဉ်ကိုကြည့်ပြီး နျူကလီးယားလက်နက်တွေက လူသားတွေအပေါ်ဖြစ်စေနိုင်တဲ့ ထိခိုက်မှုတွေအကြောင်း လူတွေပိုမိုသတိပြုမိလာစေဖို့သူမျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။