ရုရှားအစိုးရရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားတဲ့ ယူကရိန်းအရေးဆွေးနွေးမှုအတွက် ပူတင် တံခါးဖွင့်

ရုရှားသမ္မတ Vladimir Putin က သူဟာ ယူကရိန်းအရေး ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ တရုတ်မီဒီယာတစ်ခုကို ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံပိုင် Xinhua သတင်းအေဂျင်စီနဲ့ မစ္စတာ Putin တို့ပြုလုပ်တဲ့ အမေးအဖြေခန်းတစ်ခုကို ရုရှားသမ္မတရုံးက အွန်လိုင်းမှာ ဗုဒ္ဓဟူးနေ့က တင်ခဲ့ပါတယ်။

မစ္စတာ Putin ရဲ့ တရုတ်နိုင်ငံကိုသွားမယ့် တရားဝင်ခရီးစဉ်မစမီ စာ‌နဲ့ရေးတဲ့ အမေးအဖြေခန်းကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီခရီးစဉ်ကို ကြာသပတေးနဲ့ သောကြာနေ့တွေမှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

ရုရှားသမ္မတက "ယူကရိန်းအကျပ်အတည်းကို ဖြေရှင်းဖို့ တရုတ်နိုင်ငံရဲ့ ချဉ်းကပ်မှုတွေကို ချီးကျူးဂုဏ်ပြုပါတယ်။ တရုတ်အစိုးရဟာ အဲဒီအကျပ်အတည်းရဲ့ မူလဇစ်မြစ်နဲ့ ကမ္ဘာလုံးဆိုင်ရာ ပထဝီဝင်နိုင်ငံရေးဆိုင်ရာ အရေးပါမှုကို သတိထားတယ်ဆိုတာကို တရုတ်အစိုးရရဲ့ အချက် ၁၂ ချက်ပါအစီအစဉ်ထဲမှာ ထင်ဟပ်နေပါတယ်" လို့ ပြောပါတယ်။

တွေ့ဆုံဆွေးနွေးရေးနဲ့ အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားတဲ့ အဲဒီအစီအစဉ်ကို တရုတ်နိုင်ငံက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအထဲမှာ ရုရှားတပ်တွေ ယူကရိန်းကနေ ဆုတ်ခွာဖို့ တောင်းဆိုထားတာမျိုး မရှိပါဘူး။

အမေရိကန်နဲ့ တခြားနိုင်ငံတွေက အဲဒီအစီအစဉ်ကို ပယ်ချခဲ့ပါတယ်။ သူတို့က အဲဒါဟာ ရုရှားအစိုးရဘက် တစ်ဖက်သတ် ရပ်တည်တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအမေးအဖြေခန်းမှာ မစ္စတာ Putin က "ကျွန်တော်တို့အနေနဲ့ ဒီပဋိပက္ခကို ငြိမ်းချမ်းတဲ့နည်းလမ်းတွေကတစ်ဆင့် ပြီးပြည့်စုံပြီး ရေရှည်တည်တံ့တဲ့ တရားမျှတတဲ့ ပြေလည်မှုရအောင် ကြိုးပမ်းနေပါတယ်" လို့ ပြောခဲ့ပါတယ်။

“ဒီလိုမျိုးစေ့စပ်ညှိနှိုင်းမှုတွေမှာ ရုရှားအပါအဝင် ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံအားလုံးရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရမယ်" လို့ သူက မှတ်ချက်ပြုခဲ့ပါတယ်။