ရှီမာ့နဲ အမှတ် (၂) နျူကလီးယားဓာတ်ပေါင်းဖိုကို ရပ်နားဖို့ တောင်းဆိုမှုကို ဂျပန်တရားရုံးက ပယ်ချ

ဂျပန်နိုင်ငံအနောက်ပိုင်းရှိ တရားရုံးတစ်ရုံးက ရှီမာ့နဲနျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံမှာရှိတဲ့ ဓာတ်ပေါင်းဖိုတစ်ဖို ပြန်လည်ပတ်တာကို ပိတ်ပင်တဲ့တားမြစ်ချက်ထုတ်ပေးဖို့ ငြင်းဆိုလိုက်ပါတယ်။

ဟီရိုရှီးမားအထက်တရားရုံးရဲ့ မတ်ဆုအဲ့ တရားရုံးခွဲက ဗုဒ္ဓဟူးနေ့မှာ အဲဒီစီရင်ချက်ကို ချခဲ့ပါတယ်။ ရှီမာ့နဲ ခရိုင် နဲ့ သူ့နဲ့ကပ်လျက် တို့တိုးရီ ခရိုင်မှာ နေထိုင်သူ လေးဦးက အဲဒီစက်ရုံရဲ့ နံပါတ်(၂) ဓာတ်ပေါင်းဖို ပြန်လည်ပတ်တာကို တားဆီးပေးဖို့ တရားစွဲဆိုခဲ့ပါတယ်။

အဲဒီဓာတ်ပေါင်းဖိုကို ပုံမှန်စစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် ၂၀၁၂ ခုနှစ်မှာ လည်ပတ်မှုရပ်ဆိုင်းခဲ့ကတည်းက လုံးဝမလှုပ်ရှားတော့ပါဘူး။ နျူကလီးယားကြီးကြပ်ကွပ်ကဲရေးအာဏာပိုင်တွေက ၂၀၂၁ ခုနှစ်မှာ အဲဒီဓာတ်ပေါင်းဖို ပြန်လည်ပတ်ဖို့ ခွင့်ပြုခဲ့ပါတယ်။ ချူးဂိုးကု လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီဟာ ဒီဇင်ဘာလမှာ ပြန်လည်စတင်ဖို့ စီစဉ်ထားပါတယ်။

ချူးဂိုးကု လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ ဟာ စက်ရုံအနီးရှိမှာ ဖြစ်နိုင်ခြေရှိတဲ့ငလျင်ရဲ့ အမြင့်ဆုံးတုန်ခါမှုပမာဏနဲ့ ခရိုင်အတွင်း ဖြစ်နိုင်ခြေရှိတဲ့ မီးတောင်ပေါက်ကွဲမှုကနေ ထွက်လာတဲ့ ပြာထုထည်ပမာဏကို လျှော့တွက်ထားတယ်ဆိုပြီး အဲဒီတရားစွဲဆိုသူတွေက ငြင်းချက်ထုတ်ခဲ့ပါတယ်။

အဲဒီဓာတ်အားပေးကုမ္ပဏီဟာ ငလျင်ခန့်မှန်းချက်ကို သတိထားပြုလုပ်ခဲ့တယ်ဆိုတာနဲ့ နျူကလီးယားကြီးကြပ်ကွပ်ကဲရေးအာဏာပိုင်တွေ ထောက်ခံထားတယ်ဆိုပြီး အဲဒီတရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ဒေသခံတွေဆိုသလို မီးတောင်ပြာတွေ စုပုံလာတာရဲ့ အန္တရာယ်ပမာဏကို ဘူမိဗေဒဆိုင်ရာ စစ်တမ်းတွေက ချေပတယ်လို့ တရားသူကြီးအကြီးအကဲက ပြောဆိုခဲ့ပါတယ်။