အကျဉ်းချခံထားရတဲ့ ထိုင်းဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး တက်ကြွလှုပ်ရှားသူ အစာငတ်ခံ ဆန္ဒပြပြီးနောက် သေဆုံး

တော်ဝင်အသရေဖျက်မှုဥပဒေကို ပြင်ဆင်ဖို့ တောင်းဆိုခဲ့တဲ့ ထိုင်းလူမျိုး တက်ကြွလှုပ်ရှားသူတစ်ဦးဟာ ထောင်ထဲမှာ လအတော်ကြာ အစာငတ်ခံ ဆန္ဒပြပြီးတဲ့နောက် သေဆုံးသွားခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် Netiporn Sanesangkhom ဟာ ဘုရင်စနစ်ကို စော်ကားမှုနဲ့ ၂၀၂၂ ခုနှစ်မှာ ကနဦးတရားစွဲဆို ထောင်ချခံခဲ့ရပါတယ်။ အဲဒီအမျိုးသမီးဟာ တော်ဝင်ယာဉ်တန်းတွေ လာတဲ့အခါ လမ်းတွေပိတ်တဲ့ လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး လူထုသဘောထားစစ်တမ်းတစ်ခု ကောက်ယူခဲ့ပါတယ်။

Netiporn ရဲ့ ရှေ့နေတွေက သူဟာ ဇန်နဝါရီလမှာ အစာငတ်ခံဆန္ဒပြမှု စတင်ခဲ့တယ်လို့ ဆိုပါတယ်။ သူ နာမကျန်းဖြစ်ပြီးတဲ့နောက် ပြင်ပဆေးရုံတစ်ရုံမှာ တက်ခဲ့ရပေမဲ့ ပြီးခဲ့တဲ့လက ထောင်ထဲပြန်ပို့ခံခဲ့ရတယ်လို့ ရှေ့နေတွေက ပြောပါတယ်။

Netiporn ဟာ ဧပြီလကတည်းက အစားအသောက် လက်ခံနေခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပေမဲ့ သူရဲ့ အခြေအနေဟာ အင်္ဂါနေ့မှာ ပိုဆိုးလာတယ်လို့ ဆိုပါတယ်။ သူ ဆေးရုံမှာ သေဆုံးသွားတယ်ဆိုတာကို အဲဒီအာဏာပိုင်တွေက အတည်ပြုပါတယ်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ထိုင်းနိုင်ငံက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ “ထုတ်ဖော်ပြောဆိုမှုဟာ သေဆုံးတဲ့အထိ မရောက်သင့်ဘူး" လို့ ဆိုပါတယ်။

“မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူ့အခွင့်အရေးကာကွယ်သူတွေနဲ့ တက်ကြွလှုပ်ရှားသူအားလုံးကို လွှတ်ပေးဖို့ ထိုင်းအာဏာပိုင်တွေကို အဲဒီလူ့အခွင့်အရေးအဖွဲ့က တိုက်တွန်းခဲ့ပါတယ်။