Ishikawa ငလျင်ဆိုင်ရာအကြံပေးအဖွဲ့က ငလျင်နှင့်ဆက်နွှယ်ပြီး သေဆုံးသူ ၃၀ ဦးကို အသိအမှတ်ပြုခဲ့

ဂျပန်အလယ်ပိုင်းက နိုတိုကျွန်းဆွယ်မှာ နှစ်ဆန်းတစ်ရက်နေ့က အင်အားပြင်းငလျင်ကြီးလှုပ်ခတ်မှုခဲ့တာ လေးလကျော်သွားပြီ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်နဲ့ဆက်နွှယ်ပြီးသေဆုံးမှုဆိုင်ရာ အသိအမှတ်ပြုရေးနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူများအဖွဲ့တစ်ဖွဲ့ဟာ သူတို့ရဲ့ ပထမဆုံးအစည်းအဝေးကို ပြုလုပ်ခဲ့ပါတယ်။ ငလျင်နှင့်ဆက်နွှယ်ပြီး သေဆုံးသူ ၃၀ ဦးကို အသိအမှတ်ပြုဖို့ သူတို့က အကြံပြုခဲ့ပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် အိမ်နဲ့ဝေးရာ တိမ်းရှောင်နေထိုင်ရတဲ့ ကာလအတွင်း စိတ်ဖိစီးမှုတွေနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကြောင့် သေဆုံးသွားခဲ့သူတွေရဲ့ မိသားစုတွေအနေနဲ့ ငွေကြေးအထောက်အပံ့အတွက် အကျုံးဝင်နိုင်ပါတယ်။ ပထမဆုံးအနေနဲ့ သူတို့ဟာ သဘာဝဘေးအန္တရာယ်နဲ့ဆက်နွှယ်တဲ့ သေဆုံးမှုအဖြစ် အသိအမှတ်ပြုလက်မှတ်ကို လျှောက်ထားဖို့ လိုအပ်ပါတယ်။

ဘယ်သေဆုံးမှုတွေဟာ စံနှုန်းတွေနဲ့ ကိုက်ညီတယ်ဆိုတာကို ဆုံးဖြတ်ဖို့ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေက ကျွမ်းကျင်သူများဆိုင်ရာအစည်းအဝေးကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီအဖွဲ့ အစည်းအဝေးကို အင်္ဂါနေ့က ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။

Wajima နဲ့ Suzu မြို့တွေအပြင် Noto မြို့က သေဆုံးသူတွေအတွက် လျှောက်လွှာ ၃၅ ခုကို သုံးသပ်စိစစ်ခဲ့ပါတယ်။ အဲဒီထဲက သေဆုံးသူ ၃၀ ဦးကို အသိအမှတ်ပြုဖို့ အဲဒီအဖွဲ့က အကြံပြုခဲ့ပါတယ်။

ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေဟာ အခုအချိန်အထိ အသိအမှတ်ပြုလက်မှတ်လျှောက်ထားမှု အနည်းဆုံး ၁၀၀ ကို လက်ခံရရှိထားပါတယ်။ စိစစ်ရေးလုပ်ငန်းစဉ်တွေ တိုးတက်လာတာနဲ့အမျှ အသိအမှတ်ပြုခံရသူအရေအတွက် သိသိသာသာ တိုးလာနိုင်ပါတယ်။