တရုတ်နဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီအနေနဲ့ လေတပ်စခန်းအနီးက မြေကို ရောင်းချဖို့ အမေရိကန်သမ္မတ အမိန့်ပေး

အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရတာကြောင့်လို့ ဆိုပြီး တရုတ်နဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီအနေနဲ့ လေတပ်စခန်းတစ်ခုအနီးမှာ ဝယ်ယူထားတဲ့ မြေကို ရောင်းချဖို့ သမ္မတ Joe Biden က အမိန့်ပေးလိုက်ပါတယ်။

အဲဒီကုမ္ပဏီဟာ Wyoming ပြည်နယ် Francis E. Warren လေတပ်စခန်းကနေ တစ်မိုင်အကွာမှာ ရှိတဲ့ အဲဒီမြေကွက်ကို ၂၀၂၂ ခုနှစ် ဇွန်လမှာ ဝယ်ယူခဲ့တာ ဖြစ်တယ်လို့ အိမ်ဖြူတော်က တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ပြောခဲ့ပါတယ်။ အဲဒီလေတပ်စခန်းဟာ အမေရိကန်ရဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တွေ ချထားတဲ့ နေရာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

မြေကွက်ကို ဝယ်ယူပြီးနောက် အဲဒီကုမ္ပဏီဟာ cryptocurrency လုပ်ငန်းတွေ လုပ်ဖို့အတွက် အဲဒီမှာ ဆောက်လုပ်ရေးတွေ လုပ်ဆောင်ခဲ့တယ်လို့ အဲဒီကြေညာချက်ထဲမှာ ဆိုထားပါတယ်။

နိုင်ငံ့လုံခြုံရေးအပေါ် ကျရောက်နိုင်တဲ့ အန္တရာယ်တွေကို အမေရိကန်ရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မတီက ရှာဖွေတွေ့ရှိခဲ့တယ်လို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ အမေရိကန်ရဲ့ မဟာဗျူဟာမြောက် ဒုံးကျည်စခန်း၊ နျူကလီးယားမဏ္ဍိုင်သုံးခုထဲက အရေးပါတဲ့ အစိတ်အပိုင်းတို့နဲ့ အဲဒီနိုင်ငံခြားပိုင်မြေကွက်တို့ နီးကပ်နေတာကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အမေရိကန်ရဲ့ နျူကလီးယားမဏ္ဍိုင်သုံးခုမှာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်၊ ရေငုပ်သင်္ဘောကနေ ပစ်လွှတ်တဲ့ ပဲ့ထိန်းဒုံးကျည်နဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေ ပါဝင်ပါတယ်။