နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ IT ကျွမ်းကျင်လုပ်သားတွေကို ဂျပန် ဆွဲဆောင်လို

နိုင်ငံ့စီးပွားရေးတိုးတက်မှုကို ရေရှည်တည်မြဲစေဖို့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ IT အလုပ်သမားတွေကို ဆွဲဆောင်ဖို့ နည်းလမ်းတွေအတွက် ဂျပန်အစိုးရအရာရှိတွေကဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

နိုင်ငံခြားက စီးပွားရေးလုပ်ငန်းတွေကို ဂျပန်မှာ စက်ရုံတည်ဆောက်ဖို့နဲ့ တခြားလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် အားပေးထောက်ပံ့ရေး အစီအစဉ်တွေကို ဂျပန်အစိုးရက ရေးဆွဲခဲ့ပါတယ်။

အစိုးရဟာ နိုင်ငံခြားက တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ၂၀၂၂ ခုနှစ်ကထက်စာရင် ၂၀၃၀ ပြည့်နှစ်မတိုင်မီမှာ နှစ်ဆတိုးနိုင်ဖို့ ရည်မှန်းထားပါတယ်။ တန်ဖိုးအားဖြင့် ယန်း ၁၀၀ ထရီလီယံ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၆၄၀ ဘီလီယံနီးပါး ဖြစ်ပါတယ်။

လူဦးရေကျဆင်းပြီး သက်ကြီးရွယ်အိုဦးရေ တိုးများလာတဲ့ အနေအထားမှာတောင် စီးပွားရေးကြီးထွားလာစေဖို့အတွက် အကြီးစားရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေ လိုအပ်မှာ ဖြစ်တယ်လို့ စီးပွားရေး ပြန်လည်အားကောင်းလာစေရေး ဝန်ကြီး Shindo Yoshitaka က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံခြားသားတွေအနေနဲ့ ဂျပန်မှာ အဆင်ပြေလွယ်ကူစွာ ကုမ္ပဏီတည်ထောင်နိုင်အောင် စာရွက်စာတမ်းကိစ္စတွေကို ရိုးရိုးရှင်းရှင်းဖြစ်အောင်နဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ ဆောင်ရွက်နိုင်အောင် စီစဉ်ဖို့ ဆန္ဒရှိတယ်လို့ အရာရှိတွေက ပြောပါတယ်။

အစိုးရရဲ့ နိုင်ငံခြားသားအလုပ်သမားနေထိုင်ခွင့်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ပြုပြင်ပြောင်းလဲဖို့ ဆန္ဒရှိတယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယ၊ အရှေ့တောင်အာရှနဲ့ တခြားနေရာတွေက ထိပ်တန်းတက္ကသိုလ်တွေက IT ဘွဲ့ရတွေအနေနဲ့ ဂျပန်မှာ နေထိုင်ပြီး အလုပ်လုပ်ချင်လာအောင် အဲဒီလို ဆောင်ရွက်မှာ ဖြစ်ပါတယ်။