ဂျပန်လက်ကားရောင်းဈေး ငွေကြေးဖောင်းပွမှု ဧပြီလမှာ မပြောင်းလဲ

မြင့်မားတဲ့ရေနံစိမ်းစျေးနှုန်းက ငွေကြေးဖောင်းပွမှုဖိအားကို ထိန်းထားနိုင်တဲ့အတွက် ဂျပန်ရဲ့ ထုတ်လုပ်သူစျေးနှုန်းတွေရဲ့အရှိန်ဟာ ဧပြီလမှာလည်း အရင်လအတိုင်း အပြောင်းအလဲမရှိခဲ့ပါဘူး။

အဓိကထုတ်လုပ်သူစျေးနှုန်းညွှန်းကိန်းဟာ မနှစ်က အလားတူကာလကထက် ၀.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ဂျပန်ဗဟိုဘဏ်က အင်္ဂါနေ့မှာ ပြောပါတယ်။

အဲဒီအညွှန်းကိန်းက ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေအတွက် ကုမ္ပဏီတွေအကြား အပြန်အလှန်သတ်မှတ်တဲ့ စျေးနှုန်းတွေကို တိုင်းတာပါတယ်။

အရှေ့အလယ်ပိုင်းတင်းမာမှုတွေနဲ့ အားကောင်းတဲ့အမေရိကန်စီးပွားရေးတို့ကြောင့် ရေနံနဲ့ ကျောက်မီးသွေး ထွက်ကုန်တွေရဲ့ ဈေးနှုန်းတွေဟာ မြင့်တက်နေပါတယ်။ တရုတ်မှာ ရင်းနှီးမြှုပ်နှံသူတွေက စီးပွားရေး ပြန်လည်ဦးမော့မယ်လို့ မျှော်မှန်းထားတဲ့အတွက် ကြေးနီနဲ့ ရွှေအပါအဝင် သံမဟုတ်တဲ့ သတ္တုဈေးနှုန်းတွေ မြင့်တက်နေတာကလည်း နောက်ထပ်အကြောင်းအချက်ဖြစ်ပါတယ်။

ဒီအတောအတွင်း အညွှန်းကိန်းအားလုံးအပေါ် ကြီးမားတဲ့သက်ရောက်မှုရှိတဲ့ အစားအသောက်နှင့် အဖျော်ယမကာ လက်ကားဈေးနှုန်းဖောင်းပွမှုဟာ နှေးကွေးနေခဲ့ပါတယ်။ ဈေးနှုန်းတွေထဲမှာ သယ်ယူပို့ဆောင်ရေးနဲ့ အလုပ်သမား ကုန်ကျစရိတ်တွေ မြင့်တက်လာစေဖို့ တွန်းအားပေးနေပေမဲ့လည်း ဒီလိုမျိုးနှေးကွေးခဲ့တာ ဖြစ်ပါတယ်။
စစ်တမ်းကောက်ယူခဲ့တဲ့ ကုန်ပစ္စည်း ၅၁၅ မျိုးမှာ ၄၀၀ နီးပါးဟာ ထုတ်လုပ်သူစျေးနှုန်းမြင့်တက်ခဲ့ပြီး ၉၉ မျိုးကတော့ဈေးနှုန်း ကျဆင်းခဲ့ပါတယ်။

ယန်းငွေအားနည်းမှုဟာ ဝယ်ယူမှုကုန်ကျစရိတ်တွေနဲ့ စက်ရုံအရောင်းဈေးတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာ အခုအခါ အာရုံစိုက်နေပါပြီ။