Takeshima ကျွန်းစုကို ပါလီမန်အမတ်တွေ သွားရောက်ခဲ့မှု တောင်ကိုရီးယားကို ဂျပန် ကန့်ကွက်

ဂျပန်ပင်လယ်အတွင်းရှိ ပိုင်နက်အငြင်းပွားနေတဲ့ Takeshima ကျွန်းစုကို တောင်ကိုရီးယား အတိုက်အခံအမတ်တစ်ဦး တနင်္လာနေ့က သွားရောက်ခဲ့ပြီးတဲ့နောက် ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ချုပ် Hayashi Yoshimasa က တောင်ကိုရီးယားအစိုးရကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တယ်လို့ ပြောပါတယ်။

တောင်ကိုရီးယားက ထိန်းချုပ်ထားတဲ့ အဲဒီကျွန်းစုကို ဂျပန်နိုင်ငံကပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုထားပြီး တောင်ကိုရီးယားက အဲဒီကျွန်းစုကို တရားမဝင် သိမ်းပိုက်ထားတယ်လို့ ဂျပန်ကပြောပါတယ်။

အဲဒီခရီးစဉ်ကို ဖျက်သိမ်းပေးဖို့ ဂျပန်က ကြိုတင်တောင်းဆိုထားတာတောင် ပြုလုပ်ခဲ့တာဖြစ်တယ်လို့ မစ္စတာ Hayashi က သတင်းထောက်တွေကို အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။ အဲဒီကျွန်းစုဟာ သမိုင်းဆိုင်ရာအချက်အလက်တွေအရရော နိုင်ငံတကာဥပဒေအခြေခံအရပါ ဂျပန်နိုင်ငံရဲ့ ပိုင်နက်အစိတ်အပိုင်းတစ်ခုအဖြစ် အစဉ်အဆက်တည်ရှိနေခဲ့တဲ့အတွက် အဲဒီသွားရောက်မှုကို လုံးဝလက်မခံနိုင်ဘူးဆိုတာနဲ့ အလွန်ဝမ်းနည်းစရာဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီကန့်ကွက်မှုကို သံတမန်လမ်းကြောင်းတွေကတစ်ဆင့် တနင်္လာနေ့မှာ ပြုလုပ်ခဲ့ပြီး နောင်မှာ ဒီလိုဖြစ်ရပ်တွေ ထပ်ပြီးမဖြစ်ပွားအောင် တားဆီးဖို့ တောင်းဆိုခဲ့တယ်လို့ သူက ပြောပါတယ်။

တောင်ကိုရီးယားက Rebuilding Korea Party ခေါင်းဆောင် Cho Kuk ဟာ ဆက်စပ်နေတဲ့ အရာရှိတွေနဲ့အတူ Takeshima သို့ ရောက်ရှိခဲ့ပြီး အဲဒီကျွန်းစုဟာ တောင်ကိုရီးယားပိုင်နက်ဖြစ်တယ်ဆိုတဲ့ ကြေငြာချက်ကို ဖတ်ခဲ့ပါတယ်။

သူက တောင်ကိုရီးယားသမ္မတ Yoon Suk-yeol ရဲ့ ဂျပန်အပေါ်ထားတဲ့ မူဝါဒတွေကိုလည်း ဝေဖန်ခဲ့ပါတယ်။ ဧပြီလအထွေထွေရွေးကောက်ပွဲပြီးနောက် Rebuilding Korea Party ဟာ ဒုတိယအကြီးဆုံးအတိုက်အခံပါတီ ဖြစ်လာခဲ့ပါတယ်။