ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီး တစ်နှစ်အကြာမှာ မြန်မာနိုင်ငံသား အများအပြား အိုးအိမ်မဲ့ ပိုမိုဖြစ်လာ

လွန်ခဲ့တဲ့ တစ်နှစ်က ဖြစ်ပွားခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကနေ လွတ်မြောက်လာခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံသားတွေဟာအခုအခါ တိုက်ပွဲတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရပြီး တိမ်းရှောင်ခိုလှုံရတဲ့သူတွေ ပိုပြီးတော့ များပြားလာနေပါတယ်။

ဆိုင်ကလုန်း Mocha ဟာ မနှစ်က မေလ ၁၄ ရက်မှာ မြန်မာနိုင်ငံတွင်း ၀င်ရောက်ခဲ့ပြီး အဓိကအားဖြင့် ရခိုင်ပြည်နယ်မှာ လူပေါင်း ၄၅၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အဲဒီသဘာဝဘေးကြောင့် လူပေါင်း ၇.၉ သန်းလောက် ထိခိုက်ခဲ့ရတယ်လို့ ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ ဆောင်းရာသီမှာ လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ မြန်မာစစ်တပ်ကို တိုက်ခိုက်ခဲ့ကြပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေ အသစ်တဖန်ဖြစ်ပွားခဲ့တဲ့အတွက် မေလအစောပိုင်းမှာ ပြည်နယ်အတွင်းမှာ လူ ၃၅၀,၀၀၀ ကျော် နေအိမ်စွန့်ခွာပြီးတိမ်းရှောင်ခိုလှုံခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဟာ ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်အရေအတွက် ထပ်တိုးလာမယ့်အလားအလာအပေါ် စိုးရိမ်ပူပန်လျက် ရှိပါတယ်။

UNHCR အာရှပစိဖိတ်ဒေသရဲ့ Babar Baloch က NHK ကို ပြောရာမှာ "လူတွေဟာ သဘာဝဘေးဒဏ်ကနေ ပြန်လည်နာလန်ထူလာနေခိုက် ပဋိပက္ခစတင်ခဲ့တဲ့အတွက် နှစ်ဆ ဒါမှမဟုတ် သုံးဆအထိ ထိခိုက်ခဲ့ရတယ်" လို့ ပြောပါတယ်။

တိုက်ပွဲတွေ မရပ်ဘူးဆိုရင် လူတွေဟာ သူတို့ရဲ့ ပုံမှန်ဘဝတွေကို ပြန်စဖို့ အလွန်ခက်ခဲလိမ့်မယ်လို့ မစ္စတာ Baloch က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။