ဂါဇာဒေသ Rafah မြို့မှာ ကုလသမဂ္ဂယာဉ် တိုက်ခိုက်ခံခဲ့ရပြီး ဝန်ထမ်းတစ်ဦး သေဆုံး

တနင်္လာနေ့က ဂါဇာတောင်ပိုင်း Rafah မြို့မှာ ကုလသမဂ္ဂရဲ့ ယာဉ် တိုက်ခိုက်ခံခဲ့ရပြီး ဝန်ထမ်းတစ်ဦး သေဆုံးပြီး နောက်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အဲဒီယာဉ်ဟာ Rafah မြို့က ဆေးရုံတစ်ခုဆီ သွားရောက်နေချိန်မှာ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

သေဆုံးသွားတဲ့ ဝန်ထမ်းဟာ ပါလက်စတိုင်းလူမျိုး မဟုတ်ဘဲ နိုင်ငံတကာဝန်ထမ်းတစ်ဦး ဖြစ်တယ်လို့ သူက ပြောပါတယ်။ ဘယ်နိုင်ငံကလဲဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

ဂါဇာမှာ ပြီးခဲ့တဲ့ အောက်တိုဘာလက ပဋိပက္ခ စဖြစ်ပြီးနောက်ပိုင်း ဒါဟာ ကုလသမဂ္ဂရဲ့ ဝန်ထမ်း ပထမဆုံးအကြိမ်သေဆုံးခြင်း ဖြစ်တယ်လို့ အဲဒီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒါနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု အပြည့်အဝ ပြုလုပ်ဖို့ ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က တောင်းဆိုခဲ့ပါတယ်။

အစ္စရေးစစ်တပ်ရဲ့ ပဏာမစုံစမ်းစစ်ဆေးမှုအရ Rafah နယ်စပ်စစ်ဆေးရေးဂိတ်အနီး ကုလသမဂ္ဂရဲ့ အဲဒီယာဉ် ပစ်ခတ်ခံရမှုမှာ လူတစ်ဦးသေဆုံးပြီး နောက်တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ တွေ့ရှိခဲ့ကြောင်း အစ္စရေးမီဒီယာတွေက ဆိုပါတယ်။

အစ္စရေးစစ်တပ်ဟာ အဲဒီအမှုရဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပြီး "အဲဒီပစ်ခတ်မှုကို စစ်သားတွေက လုပ်ဆောင်ခဲ့သလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရဘူး" လို့ အစ္စရေးမီဒီယာတွေက ပြောပါတယ်။