Kashima မြို့မှာ Zico နဲ့ Ramos တို့ရဲ့ ဟောပြောပွဲ ကျင်းပခဲ့

တနင်္ဂနွေနေ့က J League ဘောလုံး ကလပ်အသင်းတွေဖြစ်ကြတဲ့ Kashima Antlers နဲ့ Tokyo Verdy တို့ရဲ့ ပွဲစဉ်မတိုင်ခင်မှာ ဂျပန်ဘောလုံးဂန္ထဝင် ၂ ဦးက Kashima Antlers ရဲ့ အခြေစိုက်မြို့မှာ ဟောပြောပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။

J League မှာ Tokyo Verdy က J2 ကနေ J1 ကို အဆင့်မြင့်တက်ခဲ့တာကြောင့် ဒီအသင်းနှစ်သင်း ၁၆ နှစ်အတွင်း ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ကြမှာ ဖြစ်ပါတယ်။

အီဘာရာခီ ခရိုင် Kashima မြို့မှာ ကျင်းပတဲ့ ဟောပြောပွဲမှာ ဂျပန်လက်ရွေးစင်အသင်း နည်းပြဟောင်း Zico နဲ့ ဂျပန်လက်ရွေးစင် အသင်းသားဟောင်း Ruy Ramos တို့ တက်ရောက်ခဲ့ကြပါတယ်။
ဒီဟောပြောပွဲကို ဘောလုံးပရိသတ် ၆၀၀ လောက် လာရောက်ခဲ့ကြပါတယ်။

Zico က Ramos နဲ့ ကစားခဲ့ရတဲ့ အမှတ်ရစရာပွဲတွေအကြောင်းနဲ့ ပြိုင်ဘက်အသင်းတွေက ကစားသမားတွေအနေနဲ့ မိမိတို့ရဲ့ အရည်အသွေး ပိုမိုတိုးတက်အောင် လုပ်ဆောင်ဖို့ အရေးကြီးကြောင်းတွေကို ပြောပြခဲ့ပါတယ်။ Zico က Kashima Antlers အသင်းရဲ့ ကနဦးကာလကို ပြန်ပြောင်းပြီး ဂျပန်ကစားသမားတွေအကြား ပညာသည်စိတ်ဓာတ်ကို ပြုစုပျိုးထောင်ရာမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေထဲက တစ်ခုကို ကောက်နုတ်ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သူက J League အနေနဲ့ ဒီကနေ့အချိန်မှာ အောင်မြင်နေတာဟာ ကစားသမားတွေက ပညာသည်လမ်းကြောင်းကို ရွေးချယ်ခဲ့တာကြောင့်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Ramos က Zico ဟာ သူရဲ့ ငယ်စဉ်ကတည်းက အားကျသူဖြစ်ခဲ့တယ်လို့ ပြောခဲ့ပြီး "ဘောလုံးအားကစားရဲ့ ဘုရားတစ်ဆူ" လို့လူသိများရဲ့ Zico က ဂျပန်နိုင်ငံမှာ ဘောလုံးလောကဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်စိတ်တစ်ပိုင်းပါဝင်လာလိမ့်မယ်လို့ သူအိပ်မက်တောင် မမက်မိခဲ့ဘူးလို့ ပြောပါတယ်။ သူ့အသင်းက ပရိသတ်တွေရှေ့မှာ ကောင်းကောင်း အစွမ်းပြနိုင်ဖို့ မျှော်လင့်နေတယ်လို့လည်း Ramos က ပြောခဲ့ပါတယ်။

အသက် ၆၀ တန်းအရွယ် အမျိုးသမီးတစ်ဦးက J League မှာ အကျိုးဆောင်ပေးခဲ့ကြတဲ့ သူတို့ နှစ်ဦးရဲ့ စကားတွေကို နားထောင်ရတာ နှစ်သက်မိပြီး ဂျပန်လူငယ်တွေအတွက် ဘောလုံးရဲ့ ဆွဲဆောင်မှုတွေကို သူတို့က ဆက်လက် ဖြန့်ဝေပေးကြမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။