မြောက်ကိုရီးယားခေါင်းဆောင် လက်နက်စက်ရုံတွေကို သွားရောက်ကြည့်ရှု

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ သူ့နိုင်ငံရဲ့ လက်နက်ထုတ်လုပ်ရေးအပေါ် အာရုံစိုက်မှုကို ပြသဖို့ ရည်ရွယ်ချက်နဲ့ အဓိက လက်နက်စက်ရုံတွေကို သွားရောက်ခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ အာဏာရ အလုပ်သမားပါတီ သတင်းစာ Rodong Sinmun က မစ္စတာ Kim ဟာ “အဓိက ကာကွယ်ရေး ကုန်ထုတ်လုပ်ငန်းကြီးတွေ” ကို စနေနေ့နဲ့ တနင်္ဂနွေနေ့မှာ သွားရောက်ခဲ့တယ်လို့ တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။

အဲဒီသတင်းစာမှာ အသစ်တီထွင်ထားသော စနိုက်ပါတပ်ဆင်ထားတဲ့ ရိုင်ဖယ်တွေ ထုတ်လုပ်တဲ့စက်ရုံကို ရောက်နေတဲ့ မစ္စတာ Kim ရဲ့ ဓာတ်ပုံကိုဖော်ပြခဲ့ပါတယ်။ ပုံမှာ မစ္စတာ Kim က သေနတ်ကိုပစ်ခတ်ပြီး ပစ်မှတ်ရဲ့ ဗဟိုချက်ကို ထိသွားတာကို ပြသထားပါတယ်။

တခြားဓာတ်ပုံတွေမှာ ထုတ်လုပ်ရေးစက်ရုံတစ်ခုမှ ဒုံးပစ်လောင်ချာ အများအပြားကို ပြထားထားပြီး မစ္စတာ Kim က ယာဉ်တစ်စီးကို မောင်းနှင်နေတာကိုလည်း တွေ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ မြောက်ကိုရီးယားက အဆင့်မြှင့်တင်ထားတဲ့ ၂၄၀ မီလီမီတာဒုံးကျည် အမြောက်အမြားပစ်ခတ်ရေးစနစ်ကို စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

နိုင်ငံ့ကာကွယ်ရေးစက်မှုလုပ်ငန်းတွေဟာ မြောက်ကိုရီးယားရဲ့ စစ်ဘက်ဆိုင်ရာ ကုန်ထုတ်လုပ်ငန်းကို တာဝန်ယူတဲ့ ဒုတိယစီးပွားရေးကော်မရှင်ရဲ့ လက်အောက်မှာ ဖွဲ့စည်းတည်ထောင်ထားပါတယ်။

Rodong Sinmun သတင်းစာက မစ္စတာ Kim က လက်နက်စက်ရုံတွေကို သွားရောက်စဉ်အတွင်း "နိုင်ငံရဲ့ ကာကွယ်ရေး ကုန်ထုတ်လုပ်ငန်းမှာ လတ်တလော ကမ္ဘာ့အဆင့်မီ ထူးခြားတဲ့ တိုးတက်မှုတွေ" ကို မှတ်ချက်ပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားဟာ ရုရှားလို နိုင်ငံတွေဆီကို တင်ပို့ဖို့ ကြိုးပမ်းတဲ့အနေနဲ့ လက်နက်ခဲယမ်းမီးကျောက် အမြောက်အမြား ထုတ်လုပ်မှုကို အရှိန်မြှင့်လုပ်ဆောင်နေပုံရတယ်လို့ လေ့လာသူတွေကို ကိုးကားပြီး တောင်ကိုရီးယား Yonhap သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။