Kharkiv ကို ရုရှားက တိုက်ခိုက်တာဟာ ယူကရိန်းတပ်တွေ အင်အားပြန့်သွားအောင် ရည်ရွယ်တာလို့ ယူကရိန်းသမ္မတပြောဆို

ယူကရိန်းသမ္မတ Volodymyr Zelenskyy က နိုင်ငံအရှေ့ပိုင်းရှိ Kharkiv ဒေသမှာ ရုရှားရဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေရဲ့ ရည်ရွယ်ချက်ဟာ Donetsk ဒေသမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့အတွက် ယူကရိန်းတပ်ဖွဲ့တွေရဲ့ အင်အားပြန့်သွားအောင် လုပ်တာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုဖိုင်မှာ မစ္စတာ Zelenskyy က အဲဒီလို မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။

Kharkiv မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အပြင် Donetsk မှာလည်း စစ်မျက်နှာအများအပြားမှာ ထိုးစစ်ဆင်နေတယ်လို့ သူက ပြောပါတယ်။ ယူကရိန်းအတွက် အခက်အခဲရှိတယ်ဆိုတာကို မစ္စတာ Zelenskyy က အတည်ပြုပြောဆိုခဲ့ပေမဲ့ ရုရှားရဲ့တိုက်ခိုက်မှုတွေကို ဟန့်တားသွားမယ်လို့လည်း ပြောပါတယ်။

မြောက်ပိုင်းကနေ နယ်စပ်ဖြတ်ကျော်လာတဲ့ ရုရှားတပ်ဖွဲ့တွေဟာ Kharkiv မှာ စစ်ဆင်ရေးတွေကို အရှိန်မြှင့်နေပါတယ်။ နောက်ထပ်နေရာ လေးခုကို သိမ်းပိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

Kharkiv ဒေသ အုပ်ချုပ်ရေးမှူးက အဲဒီနေ့မှာပဲ ရုရှားရဲ့ တိုက်ခိုက်မှုတွေဟာ ဒေသရဲ့ မြောက်ဘက်ပိုင်းမှာ နေ့ရောညပါ ဆက်လက် ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။

အရပ်သား နှစ်ဦး သေဆုံးခဲ့ပြီး၊ ပြီးခဲ့တဲ့နှစ်ရက်အတွင်း ဒေသခံ ၄,၀၀၀ လောက်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရုရှားအနောက်ဘက်ခြမ်းက Belgorod ဒေသဟာ ယူကရိန်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေဟာ ဒေသရဲ့မြို့တော်ရှိ ၁၀ ထပ် တိုက်လူနေအိမ်ကို အမြောက်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူရှစ်ဦး သေဆုံးခဲ့တယ်လို့ Belgorod အုပ်ချုပ်ရေးမှူးက တနင်္ဂနွေနေ့မှာ ပြောဆိုခဲ့ပါတယ်။

ယူကရိန်းက ပါဝင်ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုထားပြီး၊ ရုရှားရဲ့ နောက်ထပ်တိုက်ခိုက်မှုတွေဟာ မှန်ကန်တယ်ဆိုတာ ဆင်ခြေပေးဖို့ရည်ရွယ်ချက်နဲ့ အဲဒီလိုစွပ်စွဲတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။