ဂါဇာမြောက်ပိုင်းမှာ ဖြတ်ကျော်လမ်းအသစ် ဖွင့်ပြီလို့ အစ္စရေးကြေညာ

လူသားချင်းစာနာတဲ့အကူအညီတွေကို လွှဲပြောင်းပေးဖို့ ဂါဇာကမ်းမြောင်မြောက်ပိုင်းမှာ ဖြတ်ကျော်လမ်း အသစ်တစ်ခု ဖွင့်လှစ်လိုက်တယ်လို့ အစ္စရေးက ပြောပါတယ်။

အမေရိကန်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ပြီး "Western Erez" ဖြတ်ကျော်လမ်းကို ဖွင့်လှစ်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။

အစ္စရေးစစ်တပ်က ထုတ်ပြန်လိုက်တဲ့ ဗွီဒီယိုဖိုင်မှာ အဲဒီဖြတ်ကျော်လမ်းကို ဖြတ်သန်းနေတဲ့ ထရပ်ကားတန်းတစ်ခုကို ပြသနေပါတယ်။

အစ္စရေးဆိပ်ကမ်း Ashdod ကနေ ဂျုံမှုန့်တွေတင်ဆောင်ဖို့ ထရပ်ကား ဒါဇင်ပေါင်းများစွာကို စေလွှတ်ထားတယ်လို့ စစ်တပ်က ပြောပါတယ်။

ဖြတ်ကျော်လမ်းသစ်ကို ဖွင့်လှစ်တာဟာ "ဂါဇာကမ်းမြောင်သို့ အကူအညီပေးလမ်းကြောင်းတွေ တိုးမြှင့်ရေးကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်" လို့ လည်းဆိုပါတယ်။

အစ္စရေးက သူ့ရဲ့စစ်ဆင်ရေးတွေကို ဆက်လက်လုပ်ဆောင်နေချိန်မှာ ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေဟာ ပိုပြီးဆိုးရွားလာတဲ့အတွက် စိုးရိမ်မှုတွေ မြင့်တက်လာနေတဲ့အကြား အဲဒီလုပ်ဆောင်ချက် ပေါ်ထွက်လာတာဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ ကလေးများအေဂျင်စီ UNICEF က ဂါဇာကမ်းမြောင်ဒေသထဲကို လောင်စာဆီနှင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ လက်တွေ့မှာ မမြင်မတွေ့ရတာ ၅ ရက် ရှိပြီလို့ သောကြာနေ့မှာ အစီရင်ခံဖော်ပြခဲ့ပါတယ်။

ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ Rafah မှာ ဖြတ်ကျော်လမ်းကို အမြန်ဆုံးပြန်ဖွင့်ဖို့ အမေရိကန်က အစ္စရေးကို တိုက်တွန်းထားပါတယ်။