အစ္စရေးတပ်ဖွဲ့ဝင်တွေ Jabalia မှာ မြေပြင်ထိုးစစ်ဆင်၊ သေဆုံးသူစုစုပေါင်း ၃၅၀၀၀ ကျော် ရှိလာ

အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာမြောက်ပိုင်းရှိ Jabalia မှာ မြေပြင်ထိုးစစ်ဆင်နေပြီး တောင်ပိုင်း Rafah မှာလည်း ဆက်လက်တိုက်ခိုက်နေပါတယ်။ ဟားမတ်စ် တို့ဟာ Jabalia မှာ ပြန်လည်စုဖွဲ့ဖို့ ကြိုးစားနေတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

Rafah မှာ တိုက်ခိုက်မှုတွေအတွင်း မြေပြင်တပ်တွေဟာ ဟားမတ်စ် တိုက်ခိုက်ရေးသမား ၁၀ ဦး ကို သုတ်သင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

Rafah မြို့မှာ တိမ်းရှောင်နေတဲ့သူ တစ်သန်းကျော် ခိုလှုံနေပါတယ်။

Rafah မြို့ကနေ လူ ၃၀၀,၀၀၀ ခန့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ ဂါဇာကမ်းမြောင်မှာ လုံခြုံတဲ့နေရာမရှိဘူးလို့ပြောပြီး တိုက်ပွဲတွေရပ်ဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

အစ္စရေးစစ်တပ်က Jabalia ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ အစောပိုင်းက ပြောပါတယ်။ ဒါပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေပြီးတဲ့အခါ အဲဒီနေရာမှာ မြေပြင်စစ်ဆင်ရေး ဆင်နွှဲမယ်လို့ ကြေညာထားပါတယ်။ အဲဒီဒေသမှာရှိတဲ့ ဒေသခံတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းဖို့ အစ္စရေးစစ်တပ်က အလေးအနက်ထား တိုက်တွန်းခဲ့ပါတယ်။

ကာတာအခြေစိုက် ဂြိုဟ်တုသတင်းကွန်ရက် Al Jazeera က သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ အပါအဝင် ဗုံးကြဲတိုက်ခိုက်မှုတွေကနေ ထွက်ပြေးလာသူတွေနဲ့ ဒဏ်ရာရသူတွေကို ဆေးကုသဖို့ လွှဲပြောင်းပေးနေတဲ့ ဓာတ်ပုံတွေကို ထုတ်လွှင့်ခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ဟာ အင်္ဂါနေ့မှာ ပြုလုပ်မယ့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားမှာ ပါဝင်မယ့်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

သူက “ကျွန်တော်တို့ဟာ ရန်သူတွေကို အနိုင်ယူမှာပါ၊ ကျွန်တော်တို့မှာ တခြားရွေးချယ်စရာမရှိဘူး” လို့ ပြောပါတယ်။ ။

အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ပဋိပက္ခစတင်ကတည်းက ဂါဇာမှာ သေဆုံးသူ ၃၅,၀၃၄ ဦးအထိ ရှိလာပြီလို့ ဂါဇာရှိ ကျန်းမာရေးအာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောဆိုခဲ့ပါတယ်။