ရုရှားသမ္မတ Putin က ကာကွယ်ရေးအကြီးအကဲ Shoigu ရဲ့နေရာကို စီးပွားရေးပညာရှင်နဲ့ အစားထိုးခန့်အပ်မယ်

ရုရှားသမ္မတ Vladimir Putin က ကာကွယ်ရေးဝန်ကြီး Sergey Shoigu ကို ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူးအဖြစ် ခန့်အပ်ဖို့ အဆိုပြုလိုက်ပါတယ်။

အဲဒီကြေညာချက်ကို ရုရှားသမ္မတရုံးက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

မစ္စတာ Putin ဟာ မေလ ၇ ရက်မှာ သူ့ရဲ့ သမ္မတရာထူး ပဉ္စမမြောက်သက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးကတည်းက အစိုးရအဖွဲ့ အပြောင်းအလဲအတွက် လုပ်ဆောင်နေခဲ့ပါတယ်။ ခန့်အပ်မှုအဆိုပြုချက်အသစ်တွေကို သူက အထက်လွှတ်တော်သို့ တင်သွင်းထားပါတယ်။

မစ္စတာ Shoigu ဟာ ၂၀၁၂ ခုနှစ်ကတည်းက ကာကွယ်ရေးဝန်ကြီးဌာနကို ဦးဆောင်နေခဲ့ပါတယ်။ သူရဲ့နေရာမှာ စီးပွားရေးမူဝါဒတွေကို တာဝန်ယူခဲ့တဲ့ ပထမလက်ထောက်ဝန်ကြီးချုပ် Andrei Belousov က ထမ်းဆောင်မှာဖြစ်ပါတယ်။

ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က အရပ်သားတစ်ဦးကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ဖို့ မစ္စတာ Putin ဘာကြောင့် အဆိုပြုခဲ့သလဲဆိုတာ ရှင်းပြခဲ့ပါတယ်။

ဆန်းသစ်တီထွင်မှုကို ပိုမိုလက်ခံလိုသူ၊ ဒီနေ့စစ်မြေပြင်မှာ အောင်မြင်မှုရဖို့ အမြန်ဆုံး အကောင်အထည်ဖော်မှုကို ပိုမိုလုပ်ဆောင်လိုသူ အရပ်သားခေါင်းဆောင်တစ်ဦးကိုကာကွယ်ရေးဝန်ကြီးဌာနမှာထားရှိဖို့ သမ္မတက ဆုံးဖြတ်ခဲ့တယ်လို့ မစ္စတာ Peskov က ပြောပါတယ်။

မစ္စတာ Peskov က ယူကရိန်းကို ဆက်လက်ကျူးကျော်ဖို့ နိုင်ငံအနေနဲ့ ကာကွယ်ရေးမှာ သုံးစွဲမှုပိုမိုလုပ်ဆောင်လိုတဲ့အတွက် စီးပွားရေးနယ်ပယ်မှာ မစ္စတာ Belousov ရဲ့ နိုင်ငံရေး လုပ်ကိုင်ဆောင်ရွက်မှုကိုလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။

မစ္စတာ Putin ဟာ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နဲ့ ရုရှားစစ်ဦးစီးချုပ် Valery Gerasimov တို့ကို ရာထူးမှာ ဆက်လက်ထမ်းဆောင်စေဖို့လည်း အဆိုပြုခဲ့ပါတယ်။