ရေကြီးမှုကြောင့် အာဖဂန်နစ္စတန်မှာ အနည်းဆုံး လူ ၁၆၀ သေဆုံး

Baghlan နဲ့ Takhar အပါအဝင် အာဖဂန်နစ္စတန်မြောက်ပိုင်းပြည်နယ်တွေမှာ မိုးသည်းထန်ပြီး ရေကြီးခဲ့တာကြောင့် သောကြာနေ့ပတ်ဝန်းကျင်မှာ အနည်းဆုံး လူ ၁၆၀ သေဆုံးခဲ့ပါတယ်။

တာလီဘန်ကြားဖြတ်အစိုးရက နိုင်ငံတကာအသိုက်အဝန်းဆီက အကူအညီ တောင်းခံနေပါတယ်။

ရေကြီးမှုကြောင့် လူပေါင်း ၂၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အာဖဂန်နစ္စတန် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

အိမ်ခြေ ၈,၀၀၀ ကျော်ဟာ လုံး၀ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ပြီး လူအများအပြား အိုးအိမ်တွေကို ဆုံးရှုံးခဲ့ရပါတယ်။

ဘေးကင်းတဲ့ ခိုလှုံရေးနေရာတွေသာမက အစားအစာနဲ့ ရေ ထောက်ပံ့မှုတွေ မလုံမလောက်ဖြစ်လာနေပါတယ်။

ရေကြီးမှုဒဏ်ခံရတဲ့ ဒေသတွေမှာ ရေကြောင့်ဖြစ်တဲ့ ရောဂါဘယတွေ၊ အထူးသဖြင့် ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားရောဂါဖြစ်ပွားမှု အရေအတွက် တိုးလာနေကြောင်း အခုနောက်ဆုံးရတဲ့ အချက်အလက်တွေက ပြသနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

တာလီဘန်အစိုးရရဲ့ ယာယီနိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi က လတ်တလော ဆင့်ကဲဆင့်ကဲဖြစ်ပွားနေတဲ့ ရေကြီးမှုတွေဟာ အလွန်ပြင်းထန်ပြီး သူတို့နိုင်ငံအနေနဲ့ အကူအညီ အများအပြား လိုအပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။