မြန်မာစစ်အစိုးရဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း လူ ၅,၀၀၀ သတ်ဖြတ်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့ ပြောဆို

လွန်ခဲ့တဲ့ ၃ နှစ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုနဲ့ ဖြိုခွင်းမှုတွေမှာ လူပေါင်း ၅,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအဖွဲ့တစ်ခုက ပြောပါတယ်။

AAPP လို့ လူသိများတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းဟာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ အရပ်သားတွေ အပါအဝင် သောကြာနေ့အထိ သူတို့ကောက်ယူခဲ့တဲ့ သေဆုံးသူအရေအတွက်မှတ်တမ်းကို ကိုးကားပြီး ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်နဲ့ ဒီမိုကရေစီအင်အားစုတွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အနောက်မြောက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး နဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးတို့မှာ လူအများအပြား သေဆုံးခဲ့ရတယ်လို့ AAPP က ပြောပါတယ်။

စစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးကတည်းက တိုင်းပြည်ကို ထိန်းချုပ်ထားပြီး ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဆောင်းဦးရာသီကစပြီး နယ်စပ်အနီးရှိ ဒီမိုကရေစီလိုလားသော အင်အားစုတွေနဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် စစ်တပ်ဟာ နယ်မြေဆုံးရှုံးမှုတွေ ဖြစ်နေခဲ့ပါတယ်။ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့်နေပါတယ်။

ကြာသပတေးနေ့မှာ နိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့လို့ လူ ၁၀ ဦး ကျော် သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့လကလည်း နိုင်ငံအရှေ့တောင်ဘက်ရှိ ထိုင်းနိုင်ငံနဲ့ နယ်စပ်ဖြတ်ကျော်တံတားတစ်ခုအနီး ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့တဲ့အတွက် အနည်းဆုံး အရပ်သား ၁၅ ဦး သေဆုံးခဲ့ရပါတယ်။