Rafah မှာ ထွက်ပြေးတိမ်းရှောင်ကြဖို့ အစ္စရေးက နောက်ထပ် အမိန့်ထုတ်ပြန်လိုက်တာကြောင့် နိုင်ငံတကာက ဝေဖန်ရှုတ်ချနေ

အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာတောင်ပိုင်း Rafah မြို့မှာ တိုက်ခိုက်မှုတွေ တိုးချဲ့လုပ်ဆောင်ဖို့ ပြင်ဆင်နေပြီး အဲဒီမြို့မှာ တိမ်းရှောင်ထွက်ပြေးရေးအမိန့်တွေကို နောက်ထပ်ထုတ်ပြန်လိုက်ပါတယ်။ အဲဒီထုတ်ပြန်ချက်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေက ဝေဖန်ရှုတ်ချနေပါတယ်။

အစ္စရေးစစ်တပ်ဟာ Rafah အလယ်ပိုင်းနဲ့ တခြားဧရိယာက ပြည်သူတွေကို တိမ်းရှောင်ကြဖို့ စနေနေ့မှာ အမိန့်ပေးခဲ့ပါတယ်။ ပြည်သူ ၁ သန်းကျော် ခိုလှုံနေကြတဲ့ မြို့အရှေ့ပိုင်းက အရပ်သားတွေကို တိမ်းရှောင်ထွက်ပြေးကြဖို့ အစောပိုင်းမှာလည်း သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။

အခုအချိန်အထိ လူ ၃၀၀,၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNRWA ရဲ့ အကြီးအကဲက အခုနောက်ဆုံး ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။

စစ်ပွဲစတင်ပြီးနောက်ပိုင်း ဂါဇာကမ်းမြောင်ဒေသက ပြည်သူတွေဟာ ဘေးကင်းလုံခြုံမှု ရရှိဖို့ အသည်းအသန် ကြိုးပမ်းခဲ့ရပေမဲ့ ဘယ်တော့မှ အကောင်အထည်မပေါ်ခဲ့ဘူးလို့ UNRWA ရဲ့ မဟာမင်းကြီးချုပ် Philippe Lazzarini က လူမှုကွန်ရက်ပို့စ်တစ်ခုမှာ ရေးသားခဲ့ပါတယ်။ ဂါဇာမှာ ဘေးကင်းလုံခြုံတဲ့နေရာ မရှိဘူးလို့လည်း သူက ဖော်ပြထားပါတယ်။

ဥရောပကောင်စီဥက္ကဋ္ဌ Charles Michel က "Rafah မြို့မှာ ပိတ်မိနေတဲ့ အရပ်သားတွေကို ဘေးကင်းလုံခြုံမှု မရှိတဲ့ ဧရိယာတွေဆီ တိမ်းရှောင်ထွက်ပြေးဖို့ အမိန့်ချမှတ်တာဟာ လက်ခံနိုင်ဖွယ် မရှိဘူး" လို့ လူမှုကွန်ရက်ပေါ်မှာ ဖော်ပြခဲ့ပါတယ်။

သူက အစ္စရေးကို နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာဖို့နဲ့ Rafah မြို့မှာ မြေပြင်စစ်ဆင်ရေး မပြုလုပ်ဖို့ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ပဋိပက္ခ စတင်ပြီးနောက်ပိုင်း အခုအချိန်အထိ လူ ၃၄,၉၇၁ ဦး သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်တွေက စနေနေ့မှာ ကြေညာခဲ့ပါတယ်။